Myanmar Transparency News

ရေတွင်းထဲ ဖုန်းပြုတ်ကျ၍ ဆင်းဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံးမှု ပိုင်ကျုံမြို့တွင် ယနေ့ဖြစ်ပွား

၂၀.၅.၂၀၂၅
Written by KL

ရေတွင်းထဲဖုန်းပြုတ်ကျ၍ ဆင်းဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့မှု ယနေ့ မေလ ၂၀ ရက် နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့၊ အပေါင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)ထံမှ သိရသည်။

ဖြစ်စဥ်မှာ ပိုင်ကျုံမြို့၊ အပေါင်ကျေးရွာ၊ ဆီဆိုင်အနောက်ဘက်ရှိ ၃၅ ပေခန့်နက်သောရေတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သေဆုံးသူနှစ်ဦးမှာ ဆရာတပည့်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၄၀ ခန့်အရွယ် အမျိုးသား​ကြီးနှင့် အသက်၂၅ နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ရေတွင်းထဲအောက်ဆီဂျင်ပြတ်ကာ သေဆုံးနေသော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦး၊ ဒေသခံ ကယ်ဆယ်ရေးအသင်းဝင်များနှင့် ပိုင်ကျုံမြို့၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ဆယ်ယူပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News