Myanmar Transparency News

အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကို ယနေ့နံနက်ပိုင်းက ပစ်ခတ်လုပ်ကြံနိုင်ခဲ့ဟု Golden Valley Warriors အဖွဲ့ ဝန်ခံ

၂၂. ၅. ၂၀၂၅

Written by Nay Moe

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းပေါ်တွင် အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကို လုပ်ကြံခဲ့သော Mission အောင်မြင်ခဲ့ပြီး ရဲဘော်များ လုံခြုံပြီ ဖြစ်သည်ဟု Golden Valley Warriors အဖွဲ့က ယခု ဝန်ခံချက် ထုတ်ပြန်လာသည်။

Golden Valley Warriors အဖွဲ့က ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် ပစ်ခတ်လုပ်ကြံလိုက်သော အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူဖြစ်သည်ဟုလည်း ဝန်ခံချက်က ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC သည် တပ်မတော် ဗိုလ်မှူးကြီးအဆင့်မှ စတင် တက်ရောက်ရသည့် တပ်မတော်၏ အရေးပါသည့် အဆင့်မြင့် စစ်သင်တန်းကျောင်းတစ်ခုဖြစ်ပြီး Golden Valley Warriors အဖွဲ့က ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ဦးချိုထွန်းအောင်သည် တေဇ – ၅ မှဖြစ်ပြီး ဗိုလ်မှူးချုပ် / ဗိုလ်ချုပ်ရာထူးဖြင့်အငြိမ်းစားယူခဲ့သော်လည်း တပ်မတော်အတွက် စာဆက်လက်သင်ကြားနေ၍ စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် လုပ်ကြံသည်ဟုလည်း ဖော်ပြသည်။

ဦးချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကာ နေပြည်တော် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC တွင် တပ်မတော် အရာရှိကြီးများကို ဆက်တိုက် သင်ကြားပို့ချနေ ခြင်းဖြစ်ကာ ပြည်သူ့စစ် မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့် လုပ်ဆောင်နေမှုတွင် အဆိုပါ အဖွဲ့၏ တိုင်းအဆင့်ခေါင်းဆောင်ထဲ ဗိုလ်ချုပ် (ငြိမ်း) ချိုထွန်းအောင်လည်း ပါဝင်သည်ဟု Golden Valley Warriors အဖွဲ့က ပြောသည်။

ထို့အတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ချိုထွန်းအောင်သည် ၀ဏ္ဏကျော်ထင် ဘွဲ့တံဆိပ် ရရှိခဲ့ပြီး ရွှေချိန် ၅ ကျပ်သားပါ ဂုဏ်ပြုဆုလည်း တစ်ပါတည်းပေးအပ်ခဲ့သည်ဟုလည်း ပြောသည်။

MT News ၏ စုံစမ်းမှုအရလည်း ဦးချိုထွန်းအောင်ကို Golden Valley Warriors အဖွဲ့ကလုပ်ကြံပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဥ်မှန်ကန်ပြီး အသေးစိတ် အချက်များ ဆက်လက် အတည်ပြုစုံစမ်းနေကာ ထပ်မံသိရှိရပါက ဖော်ပြပေးမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News