Myanmar Transparency News

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အငြိမ်းစား သံအမတ်ကြီး သေဆုံးရှာ၊ လုပ်ကြံခဲ့သည့် GVW အဖွဲ့မှ PDF များကို ပိုက်စိပ်တိုက် ရှာဖွေနေ

ဦးချိုထွန်းအောင်ကို လုပ်ကြံသူ PDF နှစ်ဦး

၂၂.၅.၂၀၂၅
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရွှေနှင်းဆီ(၆)လမ်းတွင် ယနေ့ မေလ ၂၂ ရက် နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အသက် ၆၈ နှစ်အရွယ် အငြိမ်းစား သံအမတ်ကြီးနှင့် အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင် သေဆုံးရှာပြီ ဖြစ်ကြောင်း သိရသည်။

“အငြိမ်းစားသံအမတ်ကြီးက သရက်သီး ဝေဖို့ သရက်သီးတွေ ကောက်နေတာ။ အဲဒီအချိန်မှာ စက်ဘီးစီးပြီး ရောက်လာတဲ့ မျက်နှာဖုံးတပ်ထားတဲ့ နှစ်ယောက်က အနီးကပ်ပစ်ပြီး ပြေးသွားတာ။ ဒဏ်ရာက ပြင်းထန်တဲ့အတွက် လမ်းမှာပဲ ဆုံးသွားတယ်။ အခုတော့ အလောင်းက စစ်ဆေးရုံမှာပဲ ထားပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်သည့် အကြမ်းဖက်များ ထွက်ပြေးချိန်တွင် အခင်းဖြစ်ရာနေရာ၌ ကျည်ခွံ(၆)ခု၊ ကျည်(၂)တောင့်၊ ထိပ်ဖူး(၁)ခု၊ ဓားချွန် တစ်လက်တို့ကို တွေ့ရှိခဲ့၍ သက်ဆိုင်ရာက သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ Golden Valley Warriors အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ၎င်းတို့က ဝန်ခံချက် ထုတ်ပြန်ထားမှုကို MT news က ဖော်ပြထားပြီး ဖြစ်သည်။

Golden Valley Warriors အဖွဲ့က ယနေ့ ပစ်ခတ်လုပ်ကြံလိုက်သော အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူဖြစ်သည်ဟုလည်း ယင်းတို့၏ ဝန်ခံချက်က ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC သည် တပ်မတော် ဗိုလ်မှူးကြီးအဆင့်မှ စတင် တက်ရောက်ရသည့် တပ်မတော်၏ အရေးပါသည့် အဆင့်မြင့် စစ်သင်တန်းကျောင်းတစ်ခုဖြစ်ပြီး Golden Valley Warriors အဖွဲ့က ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ဦးချိုထွန်းအောင်သည် တေဇ – ၅ မှဖြစ်ပြီး ဗိုလ်မှူးချုပ် / ဗိုလ်ချုပ်ရာထူးဖြင့်အငြိမ်းစားယူခဲ့သော်လည်း တပ်မတော်အတွက် စာဆက်လက်သင်ကြားနေ၍ စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ချက်အရ လုပ်ကြံသည်ဟုလည်း ဖော်ပြသည်။

ဦးချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကာ နေပြည်တော် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC တွင် တပ်မတော် အရာရှိကြီးများကို ဆက်တိုက် သင်ကြားပို့ချနေ ခြင်းဖြစ်ကာ ပြည်သူ့စစ် မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့် လုပ်ဆောင်နေမှုတွင် အဆိုပါ အဖွဲ့၏ တိုင်းအဆင့်ခေါင်းဆောင်ထဲ ဗိုလ်ချုပ် (ငြိမ်း) ချိုထွန်းအောင်လည်း ပါဝင်သည်ဟု Golden Valley Warriors အဖွဲ့က ပြောသည်။

ထို့အတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ချိုထွန်းအောင်သည် ၀ဏ္ဏကျော်ထင် ဘွဲ့တံဆိပ် ရရှိခဲ့ပြီး ရွှေချိန် ၅ ကျပ်သားပါ ဂုဏ်ပြုဆုလည်း တစ်ပါတည်းပေးအပ်ခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။

ပုံစာ။ ဦးချိုထွန်းအောင်ကို လုပ်ကြံသူတို့ပုံရိပ်နှင့် ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတစ်ဝိုက်မြင်ကွင်း။

မူရင်းသတင်း — Myanmar Transparency News