Myanmar Transparency News

ပြည်ပရောက်နေတဲ့ ခင်ပွန်းနဲ့ ဆက်သွယ်ပြောဆိုစဉ် စကားများရန်ဖြစ်ရာက ပြည်တွင်းမှာကျန်ရစ်တဲ့ ဇနီးဖြစ်သူ ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွား

၂၂. ၅.၂၀၂၅
Written by Hey Mar

ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ အဆက်အသွယ်ပြုလုပ်စဉ် စကားများရန်ဖြစ်ရာက အသက် နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးငယ် မိမိကိုယ်ကိုယ် ကြိုးဆွဲချ (ဆွဲကြိုးချ) အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၂၂ ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျသီရိမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကရုဏာရှင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊နယ်မြေ (၃) ရပ်ကွက်၊ ရေဆင်းကျေးရွာမှာ ဒီနေ့ ညနေ ၅ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကာ ‌အသက် ၂၁ နှစ်အရွယ်အမျိုးသမီးငယ်က အရှည် (၁၂) ပေခန့်ရှိ ပလပ်စတစ်ကျစ်ကြိုးနဲ့ နေအိမ်ရဲ့ အမြင့် (၁၂) ပေခန့်ရှိ သစ်သားထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးခဲ့တာလို့ သေဆုံးသူဖခင်ထံကနေ သိရှိရကြောင်း အဆိုပါအသင်းက ဆိုပါတယ်။

ကြိုးဆွဲချ သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေအပြီးမှာ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက ရင်ခွဲစစ်ဆေးမှု ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဇေယျာသီရိမြို့နယ်ကုတင် (၅၀) ဆေးရုံကနေ ပုဗ္ဗသီရိမြို့နယ်ကုတင် (၃၀၀) ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News