Myanmar Transparency News

ရေမော်တာနှင့် ချိတ်ထားသော ရေတုံကင်ကို ကိုင်​ဆော့မိရာမှ ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှု မဟာအောင်မြေတွင် ဖြစ်ပွား

၂၃.၅.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၄၂×၄၃ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ရေမော်တာနှင့် ချိတ်ထားသော ရေတုံကင်ကို ကိုင်​မိရာမှ ရှစ်နှစ်အရွယ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးမှု မေလ ၂၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက်ရှစ်နှစ်အရွယ် မသွန်းဝတီထွန်း ဖြစ်ပြီး လျှပ်စစ်ရေမော်တာနှင့် ချိတ်ဆက်ထားသော ရေတုံကင်လက်ကိုင်ကိုဆော့ကစားရာမှ ဓာတ်လိုက်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်း ရေတုံကင်ကို နှိပ်သုံးတာနည်းပြီးရေမော်တာနဲ့ ချိတ်ဆက်သုံးတာတွေ များလာတယ်။ရေမော်တာနဲ့ သုံးမယ်ဆိုလည်း လျှပ်စစ်အန္တရာယ်ကို သတိထားသင့်တယ်။ ရေမော်တာသုံးချိန်မှ ခလုတ်တပ်တာ၊ ပလပ်ထိုးသင့်တယ်၊ လျှပ်စစ်မီးကို အသုံးပြုသူတွေအနေနဲ့လည်း မပေါ့ဆသင့်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမိန်းကလေး၏ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့အပ်ထားပြီး သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News