Myanmar Transparency News

သမီးယောက်မချင်း စကားရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ကာ သားသည်အမေ အမျိုးသမီးငယ်သေဆုံးခဲ့ပြီး ချီထားတဲ့ သမီးငယ်လည်း ပြတ်ရှဒဏ်ရာရ

၂၃. ၅. ၂၀၂၅
Written by Hey Mar

ဆွေမျိုးတော်စပ်သူ သမီးယောက်မချင်း စကားများရန်ဖြစ်ရာက သားသည်အမေ ဓားထိုးခံရပြီးသေဆုံးသလို ကလေးငယ်မှာလည်း မျက်နှာ၊ ဦးခေါင်း ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်ဘုရားလမ်းထဲမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ We Love Care လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သေဆုံးသူ ကလေးမိခင်မှာ အသက် ၂၁ နှစ် အရွယ်ဖြစ်ပြီး သမီးယောက်မနှစ်ဦးမှာ မကြာခဏ အခုလို အခြေအတင်ဖြစ်ပွားဖူး‌ကြောင်း၊ အရင်ကလည်း မိသားစုလိုက် ကလေးမိခင်နဲ့ ပြဿနာတက်ဖူး အော်ဟစ် ရန်ဖြစ်ဖူးသလို ကလေးမိခင်ကလည်း တုတ်ဆွဲ၊ ဓားဆွဲ အခြေအတင်အထိ ဖြစ်ဖူးတယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတချို့ရဲ့ မျက်မြင်အခြေအနေတချို့ကိုလည်း ကြားသိရပါတယ်။

We Love Care လူမှုကူညီရေးအသင်း တာဝန်ရှိသူက “အမျိုးသမီးနှစ်ယောက်စလုံးက အသက်ငယ်တယ်။ နှစ်ဆယ်‌ပတ်ချာလည်တွေပဲ။ ကလေးမိခင်က ကလေးချီထားပုံပဲ။ ကလေးလည်း ထိခိုက်တယ်။ ကျွန်တော်တို့အသင်းက ဓားနဲ့ ထိုးလိုက်တဲ့တစ်ယောက်ကို သယ်လာတာ။ သူ့မှာလည်း ပေါက်ပြဲသွေးထွက်ဒဏ်ရာ ရထားတယ်။ ဓားဒဏ်ရာတော့မဟုတ်ဘူး။ ကလေးမိခင်ကိုက သာဓုဇန အသင်းက‌ ဆေးရုံ ပို့ဖို့ သယ်လာချိန် လမ်းမှာဆုံးတယ်” လို့ မြေပြင်အခြေအနေကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူအမျိုးသမီးဟာ လည်ပင်းနဲ့ဝမ်းဗိုက်တွေမှာ ဓားဒဏ်ရာတွေရရှိခဲ့ပြီး ကလေးငယ်က မေးစေ့နဲ့ ငယ်ထိပ်မှာ ဓားပြတ်ရှဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့် WeLove Care ပရဟိတအသင်းကပဲ ဒဏ်ရာကို ရှေးဦးပြုစုပေးကာ အင်းစိန်ဆေးရုံကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအသင်းက သယ်ဆောင်သွားခဲ့တဲ့ သေဆုံးသူနဲ့ ရန်ဖြစ်တဲ့ အမျိုးသမီးငယ်ကိုလည်းသက်ဆိုင်ရာက စစ်ဆေး ထိန်းသိမ်းဆောင်ရွက်နေကြောင်းလည်း သိရရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News