Myanmar Transparency News

လက်နက်မဲ့ သဲကုန်းမြို့နယ်၊ သရက်သုံးပင်ရွာအုပ်ချုပ်ရေးမှူးအား ပေါင်းတည် PDF သတ်ဖြတ်လိုက်သည့်အပြင် အလောင်းလာကောက်သည့်အဖွဲ့ကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ဟုဆို

၂၆.၅.၂၀၂၅
Written by Nay Moe

လက်နက်မဲ့သူတစ်ဦးဖြစ်သော သဲကုန်းမြို့နယ်၊ သရက်သုံးပင်ရွာအုပ်ချုပ်ရေးမှူးအား ပေါင်းတည် PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်သည့်အပြင် အလောင်းလာကောက်သည့်အဖွဲ့ကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ကျူးလွန်သည့် ပေါင်းတည် PDF အဖွဲ့ဖြစ်သော ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF – ၃၆၀၁ တပ်ရင်းက ဝန်ခံထားသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပိတ်ချင်းကုန်းအုပ်စု၊ သရက်သုံးပင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထွဋ်အား ပြည်ခရိုင်အမှတ်(၁) ၃၆၀၁ တပ်ရင်း တပ်ခွဲ (၁)မှ မေလ ၂၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် သရက်သုံးပင်ရွာမှ ရုံးပင်တက်ရွာဘက်အသွား ရုံးပင်တက်ရွာနှင့် ဘရန်းကန်ရွာကြားတွင် ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်ရာ ဦးကျော်ဝင်းထွဋ်မှာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု PDF တို့ ပြောသည်။

အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းထွဋ်မှာ အုပ်စုအတွင်းစစ်မှု့ထမ်း လူအင်အားစုဆောင်းပေးရုံတင်မက စစ်မှုထမ်း သူများကို လစာနှင့်သင်တန်းစရိတ်ထောက်ပံ့ရမည်ဆိုပြီး အုပ်စုအတွင်း တစ်အိမ်ထောင်လျင် ငွေသုံးသောင်းမှ ငါးသောင်းအထိ ကောက်ခံပေးနေသူဖြစ်သည်ဟုကျူးလွန်သည့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF – ၃၆၀၁ က ဆင်ခြေပေးသော်လည်း သက်သေမပြနိုင်ကြသလို MT News ကလည်း မြေပြင်အတည်မပြုနိုင်ချေ။

ထို့အပြင် အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းထွဋ်၏ အလာင်းကို လာကောက်သော သဲကုန်းမြိုနယ်ဘက်မှ ဆိုင်ကယ်(၁၀)စီးဖြင့် လာ​ရောက်သော လခရတပ်ဖွဲ့ဝင် အင်အား(၂ဝ)ဦးကိုလည်း နေလယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ထပ်မံ၍ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၁) မှမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်သည်ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News