Eleven Media Group

ဘရာဇီးလ်နည်းပြသစ် အန်ဆယ်လော့တီ၏ ပထမဆုံးလူစာရင်းတွင် အန်တိုနီ၊ ရစ်ချာလီဆန်နှင့် ကက်စီမီရိုတို့ ပါဝင်လာ

Photo: X

ဘရာဇီးလ်အသင်း၏ နည်းပြသစ် အန်ဆယ်လော့တီသည် နည်းပြသစ်အဖြစ် စတင်တာဝန်ယူသည့်နေ့မှာပင် ဘရာဇီးလ်လက်ရွေးစင်အသင်းလူစာရင်းကို ရွေးချယ်ခဲ့ရပြီး အန်တိုနီ၊ ရစ်ချာလီဆန်နှင့် ကက်စီမီရိုတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။
အန်ဆယ်လော့တီသည် မေ(၂၄)တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲပြီးနောက် မေ (၂၆)တွင် ဘရာဇီးလ်လက်ရွေးစင်အသင်းကို စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီကို ရီးယဲလ်အသင်းနှင့် တရားဝင်လမ်းမခွဲရသေးမီ မေ(၁၂)ကတည်းက နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သော်လည်း မေ(၂၆)မှသာ စတင်တာဝန်ယူခဲ့ရခြင်းဖြစ်သည်။
ဘရာဇီးလ်အသင်းသည် ဇွန်လအတွင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် အန်ဆယ်လော့တီအနေဖြင့် ခရီးရောက်မဆိုက်ဆိုသလိုပင် လူစာရင်း ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။
အန်ဆယ်လော့တီ ရွေးချယ်ခဲ့သည့် ဘရာဇီးလ်အသင်းတွင် ပါဝင်ခဲ့သူများမှာ ဂိုး - အယ်လစ်ဆန်(လီဗာပူးလ်)၊ ဘန်တို(အယ်လ်နာဆာ)၊ ဟူဂိုဆိုဇာ(ကိုရင်သီယန်စ်)၊ နောက် - အလက်ဆန်ဒရို၊ ဒန်နီလို၊ လီယိုအော်တစ်ဇ်၊ ဝက်စ်လေ(ဖလာမင်ဂို)၊ ရီဘီယာရို(လိုင်လီ)၊ ဘီရယ်လ်ဒို၊ မာကင်ဟို့စ်(PSG)၊ အော်ဂတ်စတို(အင်တာမီလန်)၊ ဗန်ဒါဆန် (မိုနာကို)၊ လယ် - ပါရဲရား(ဖူလ်ဟမ်)၊ အန်ဒရေဆန်းတို့စ်(စထရာဘိုး)၊ ဂီမာရေ့စ်(နယူးကာဆယ်)၊ ကက်စီမီရို(မန်ယူ)၊ အီဒါဆန်(အတ္တလန်တာ)၊ ဂျာဆန်(ဖလာမင်ဂို)၊ ရှေ့ - အန်တိုနီ(ဘက်တစ်)၊ အက်စတီဗာအို(ပါးလ်မီးရပ်စ်)၊ မာတင်နယ်လီ(အာဆင်နယ်)၊ ကူညာ(ဝုလ်ဗ်)၊ ရာဖင်ညာ(ဘာစီလိုနာ)၊ ရစ်ချာလီဆန်(စပါး)၊ ဗင်နီစီယပ်စ်(ရီးယဲလ်)တို့ ဖြစ်သည်။
အန်ဆယ်လော့တီက ပုံစံကောင်းပြနေသည့် ကစားသမားများကို ရွေးချယ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် နေမာကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းသည် ဇွန်(၅)တွင် အီကွေဒေါနှင့် အဝေးကွင်း၊ ဇွန်(၁၀)တွင် ပါရာဂွေးနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အန်ဆယ်လော့တီက မိမိအနေဖြင့် အီတလီလက်ရွေးစင်အသင်းကို မကိုင်တွယ်ခြင်းမှာ ကမ်းလှမ်းမခံရ၍ဖြစ်ပြီး ဘရာဇီးလ်အသင်းအား ကိုင်တွယ်ရခြင်းအတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group