Eleven Media Group

ရာဗန်နာနှင့်ပွဲတွင် ရော်နယ်လ်ဒင်ဟို ပွဲချိန်(၄၅)မိနစ် ပါဝင်ကစားခဲ့သော်လည်း ဂိုး(၃၀၀)ပြည့် သွင်းယူနိုင်ခဲ့ခြင်းမရှိ

Photo: X

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား ရော်နယ်လ်ဒင်ဟိုသည် မနေ့ညက ယှဉ်ပြိုင်ခဲ့သည့် စီးရီးစီပွဲစဉ်တွင် ရာဗန်နာအသင်းအတွက် ပွဲချိန်(၄၅)မိနစ် ပါဝင်ကစားခဲ့သော်လည်း ၎င်းမျှော်မှန်းထားသည့် ဂိုး(၃၀၀)ပြည့်ကိုမူ သွင်းယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အသက်(၄၆)နှစ်ရှိပြီဖြစ်သည့် ရော်နယ်လ်ဒင်ဟိုသည် ၂၀၁၅ ခုနှစ်ကတည်းက ကစားသမားဘဝမှ အနားယူထားပြီးဖြစ်သော်လည်း (၁၁)နှစ်အကြာ၌ ဘောလုံးပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရော်နယ်လ်ဒင်ဟိုသည် ပြီးခဲ့သည့် နွေရာသီတွင် အီတလီစီးရီးစီကလပ် ရာဗန်နာအသင်း၏ ရှယ်ယာအချို့ကို ဝယ်ယူခဲ့သလို၊ ကစားသမားအဖြစ်လည်း စာချုပ်ချုပ်ဆိုခဲ့သည်။
ထို့နောက် မနေ့ညက ယှဉ်ပြိုင်ခဲ့သည့် ဖော်လီနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် ရာဗန်နာအသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရော်နယ်လ်ဒင်ဟိုက ပထမပိုင်းတစ်ပိုင်းသာ ပါဝင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရော်နယ်လ်ဒင်ဟိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် သွင်းဂိုး(၂၉၉)ဂိုး သွင်းယူထားသူဖြစ်ပြီး ဂိုး(၃၀၀)ပြည့် သွင်းယူနိုင်ရန် ရည်မှန်းထားသော်လည်း ပထမဆုံးပွဲတွင်မူ မအောင်မြင်ခဲ့ပေ။
သို့သော် ရော်နယ်လ်ဒင်ဟိုက ရာဗန်နာအသင်းဥက္ကဋ္ဌကသာ ခေါ်ယူမည်ဆိုပါက မိမိအနေဖြင့် ပွဲများဆက်ကစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group