Eleven Media Group

ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှ အနာဂတ်အတွက် စဉ်းစားမည်ဟု အင်ဇာဂီ ဆို

Photo: X

အင်တာမီလန်အသင်း၏နည်းပြ အင်ဇာဂီက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှ အနာဂတ်အတွက် စဉ်းစားမည်ဟု ပြောကြားခဲ့သည်။
အင်ဇာဂီသည် အင်တာမီလန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး စာချုပ်သက်တမ်းတိုးမြှင့်ခြင်းမရှိသေးသည့်အတွက် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ၎င်းကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းသည် အင်ဇာဂီကို တစ်နှစ်လစာ ယူရိုသန်း(၅၀)နှုန်းဖြင့် (၂)နှစ်စာချုပ်အတွက် ယူရိုသန်း (၁၀၀)ပေးမည်ဟု ကမ်းလှမ်းထားကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် အင်ဇာဂီက လက်ရှိအချိန်တွင် အဆိုပါအကြောင်းအရာအား စဉ်းစားမည်ဆိုပါက ရူးသွပ်ရာကျလိမ့်မည်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှသာ အနာဂတ်အတွက် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော် လာဇီယိုအသင်းမှာ ရှိစဉ်ကတည်းက ဒီလိုအရာတွေက နှစ်တိုင်းရှိနေခဲ့တာပါ။ အီတလီကရော၊ ပြည်ပနိုင်ငံတွေကရော၊ ဆော်ဒီကရော ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အဲဒီအကြောင်း စဉ်းစားမယ်ဆိုရင် ရူးသွပ်ရာကျပါလိမ့်မယ်။ ဗိုလ်လုပွဲအပြီး နောက်တစ်နေ့မှာ ဒီကိစ္စအတွက် ဆွေးနွေးမယ်လို့ အင်တာဥက္ကဋ္ဌက ပြောထားပါတယ်''ဟု အင်ဇာဂီက ပြောကြားခဲ့သည်။
အင်တာမီလန်ဥက္ကဋ္ဌ မာရော့တာကလည်း အင်ဇာဂီသည် အနာဂတ်အတွက် ကလပ်အသင်း၏ သဘောထားကို ရှင်းရှင်းလင်းလင်းသိရှိလိုနေပြီး မိမိတို့အနေဖြင့် မကြာမီ ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group