Eleven Media Group

မိမိနည်းပြသည့် သက်တမ်းအတွင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ခေတ်သစ်တစ်ခုကို အစပြုသွားမည်ဟု အလွန်ဆို ကြုံးဝါး

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ကစားသမားဟောင်းတစ်ဦးဖြစ်သလို လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ရှာဘီအလွန်ဆိုက မိမိနည်းပြသက်တမ်းကာလအတွင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ခေတ်သစ်တစ်ခု အစပြုသွားမည်ဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။
အသက် (၄၃) နှစ်အရွယ်ရှိ ရှာဘီအလွန်ဆိုသည် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရားဝင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ယခင်နည်းပြဟောင်းဖြစ်သည့် အီတလီလူမျိုး ၀ါရင့်နည်းပြ ကာလိုအန်ဆယ်လော့တီ၏နေရာတွင် အစားထိုးတာဝန်ယူတော့မည် ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၄-၂၅ ရာသီတွင် ဖလားလက်မဲ့ရာသီတစ်ခုနှင့် ကြုံ တွေ့ခဲ့ရပြီးနောက်တွင် အန်ဆယ်လော့တီနှင့် သက်တမ်းတိုးခြင်းမရှိတော့ဘဲ လူငယ်ကြယ်ပွင့်နည်းပြတစ်ဦးဖြစ်သည့် အလွန်ဆို နှင့် လက်တွဲခဲ့ခြင်းလည်းဖြစ်သည်။
အလွန်ဆိုက ''ကျွန်တော် အသင်းနည်းပြအဖြစ် ဆောင်ရွက်တဲ့ ကာလအတွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ခေတ်သစ်တစ်ခုကို စတင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး အသင်းပရိသတ်တွေအနေနဲ့လည်း အရမ်းစိတ်လှုပ်ရှားနေကြပါလိမ့်မယ်။ ဒီအသင်းရဲ့ အလွန်ကြီးမားတဲ့ သမိုင်းကြောင်းကို ပိုမိုကြီးမားလာအောင် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒီနေ့က ကျွန်တော့်အတွက် စပါယ်ရှယ်နေ့တစ်နေ့ဖြစ်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာ ထူးခြားတဲ့နေ့ရက်တစ်ရက်အဖြစ် အမှတ်အသားပြုရမယ့် နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ဒီနေရာက ကျွန်တော့်ရဲ့ အိမ်လိုခံစားရတဲ့ နေရာဖြစ်ပြီး ဒီလိုသမိုင်းကြောင်းကြီးမားတဲ့ အသင်းကြီးတစ်သင်းရဲ့နည်းပြဖြစ်လာတဲ့အတွက်လည်း ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်''ဟု ပြောကြားခဲ့သည်။
ရှာဘီအလွန်ဆိုသည် ရီးယဲလ်မက်ဒရစ်အသင်းမတိုင်မီ ဂျာမန်ဘွန်ဒစ်လီဂါကလပ်အသင်းတစ်သင်းဖြစ်သည့် လေဗာကူဆင်အသင်းကို ကိုင်တွယ်ခဲ့ရာတွင် ဘွန်ဒစ်လီဂါအမှတ်ပေးချန်ပီယံဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group