Eleven Media Group

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နစ်နာစေသည့် ဆုံးဖြတ်ချက်အဖြစ် မန်ယူနိုက်တက်နှင့်ပွဲမှဖြစ်ရပ်ကို အက်စတွန်ဗီလာအသင်း တိုင်ကြား

Photo: X

အက်စတွန်ဗီလာအသင်းသည် မန်ယူနိုက်တက်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကြီးမားသည့် မှားယွင်းဆုံးဖြတ်မှုတစ်ခုအဖြစ် ပရီးမီးယားလိဂ် ဒိုင်လူကြီးများအဖွဲ့ချုပ်ထံ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲစဉ်တွင် ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်ဖြစ်သူ ဘရာမောလ်သည် အက်စတွန်ဗီလာအသင်း၏ ဂိုးသမားဖြစ်သည့် အီမီလီယာနိုမာတီနက်ဇ်အား မှန်ကန်သည့် ဆုံးဖြတ်ချက်အဖြစ် အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။
ယင်းနောက် အက်စတွန်ဗီလာအသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သည့် မော်ဂန်ရော်ဂျာစ် ဂိုးသွင်းယူခဲ့ချိန်တွင်မူ ဂိုးသမားလက်ထဲမှ လုကန်ခဲ့သည်ဟုဆိုကာ ဂိုးသတ်မှတ်ရန် ငြင်းဆန်ခဲ့သည်။
ယင်းအတွက်ကြောင့် ကစားသမားတစ်ဦးလျော့နေသည့် အချိန်တွင် ရရှိခဲ့သည့် ဂိုးမရရှိခဲ့သလို မိနစ်အနည်းငယ်အကြာတွင် မန်ယူနိုက်တက်အသင်း၏ ဦးဆောင်ဂိုးသွင်းခြင်း ခံခဲ့ရကာ နောက်ဆုံးတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် အက်စတွန်ဗီလာအသင်းက ကွင်းလယ်ဒိုင်ဘရာမောလ်၏ ဆုံးဖြတ်ချက်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group