
လာမည့်မေ ၃၀ ရက်တွင်ကျင်းပမည့် ONE Friday Fights 110 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်သည့် ထွန်းမင်းအောင်မှာ ထိုင်းဖိုက်တာ၊ စူပါရေချမ်းမှာ ဂျပန်ဖိုက်တာတို့နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။
ONE Championship ပရိုမိုးရှင်းသည် ONE Friday Fights 110 ပြိုင်ပွဲကို လာမည့်မေ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး မြန်မာဖိုက်တာ စူပါရေချမ်းမှာ ပွဲစဉ်(၄)၊ ထွန်းမင်းအောင်မှာ ပွဲစဉ်(၉) တွင် ကျရောက်နေလျက်ရှိသည်။
စူပါရေချမ်းသည် (၁၃၈) ပေါင်တန်း၌ မွေထိုင်းအဖြစ် ဂျပန်ဖိုက်တာ မူဂါနှင့်လည်းကောင်း၊ ထွန်းမင်းအောင်သည် ပေါင်(၁၆၀) တန်း၌ မွေထိုင်းအဖြစ် ထိုင်းဖိုက်တာ ချတ်ပတ်နှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
စူပါရေချမ်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဂျပန်ဖိုက်တာ မူဂါသည် အသက် (၂၈) နှစ်၊ အရပ် (၅) ပေ၊ (၉) လက်မရှိသူဖြစ်ပြီး ၀ါရင့် ကစ်ဘောင်ဆင်နှင့် မွေထိုင်းထိုးသတ်နေသူဖြစ်သည်။
ဂျပန်ဖိုက်တာ မူဂါသည် ပရော်ဖက်ရှင်နယ်ပွဲပေါင်း (၂၄) ပွဲထိုးသတ်ထားပြီး (၁၈) ပွဲနိုင်၊ (၄) ပွဲသရေ၊ ရှုံးပွဲ(၂) ပွဲသာ ကြုံတွေ့ထားသူဖြစ်သည်။
ဂျပန်ဖိုက်တာ မူဂါသည် ONE Friday Fights တွင် (၃) ပွဲ ထိုးသတ်ထားပြီး (၂) ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။
ONE Friday Fights တွင် ဂျပန်ဖိုက်တာ မူဂါ ရှုံးနိမ့်ထားသူမှာ မြန်မာဖိုက်တာ အဲမွီကိုဖြစ်ပြီး ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက အလဲထိုးခံရကာ ရှုံးနိမ့်ထားခြင်းဖြစ်သည်။
စူပါရေချမ်းသည် အသက် (၂၀) နှစ်၊ အရပ် (၅) ပေ၊ (၄) လက်မရှိသူ လူငယ်ဖိုက်တာဖြစ်ပြီး ONE Friday Fights တွင် (၃) ပွဲ ထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။
စူပါရေချမ်းသည် ONE Friday Fights တွင် ထိုင်းဖိုက်တာများနှင့်သာ ဆုံတွေ့ခဲ့ပြီး ယခုအခါ ဂျပန်ဖိုက်တာနှင့် ပထမဆုံး ဆုံတွေ့ခြင်းဖြစ်သည်။
ထွန်းမင်းအောင်သည် အသက် (၁၈) နှစ်၊ အရပ် (၅) ပေ၊ (၁၁) လက်မရှိသူ လူငယ်ဖိုက်တာဖြစ်ပြီး ONE Friday Fights တွင် (၃) ပွဲ ထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။
ထွန်းမင်းအောင်သည် ယခုပွဲထိုးသတ်ရန် ပြီးခဲ့သည့်မေ ၂၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှ နုတ်ထွက်ထားခြင်းဖြစ်သည်။