Eleven Media Group

နေပယ်လ်မြို့က နတ်ဘုရားအသစ်

Photo : X

တွမ်မီနေးကို မန်ယူနိုက်တက်ပရိသတ်တွေလွမ်းနေမယ်ထင်ပါရဲ့။ မန်ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဖြစ်လို့ သူ့ရဲ့မန်ယူနိုက်တက် ချစ်မြတ်နိုးစိတ်က သံသယဝင်စရာမလိုပါဘူး။ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ မန်ယူနိုက်တက်မှာ နေရာရဖို့ မဖြစ်မှန်းသိလို့ တွမ်မီနေးဟာ သူ့ကိုယ်သူ အပြင်းအထန် မောင်းနှင်ခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို တွမ်မီနေး ဖြည့်ဆည်းခဲ့ပါတယ်။ တွမ်မီနေးရဲ့မန်ယူနိုက်တက်ကစားသမားဘဝက အကြီးအကျယ်မခမ်းနားခဲ့ဘူး။ ချီးကျူးဂုဏ်ပြုသံတွေကြား သာယာခွင့်မရဘူး။ ဒုတိယတန်းစား ကစားသမားအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။

တွမ်မီနေးကို မန်ယူနိုက်တက်ပရိသတ်တွေလွမ်းနေမယ်ထင်ပါရဲ့။ မန်ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဖြစ်လို့ သူ့ရဲ့မန်ယူနိုက်တက် ချစ်မြတ်နိုးစိတ်က သံသယဝင်စရာမလိုပါဘူး။ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ မန်ယူနိုက်တက်မှာ နေရာရဖို့ မဖြစ်မှန်းသိလို့ တွမ်မီနေးဟာ သူ့ကိုယ်သူ အပြင်းအထန် မောင်းနှင်ခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို တွမ်မီနေး ဖြည့်ဆည်းခဲ့ပါတယ်။ တွမ်မီနေးရဲ့မန်ယူနိုက်တက်ကစားသမားဘဝက အကြီးအကျယ်မခမ်းနားခဲ့ဘူး။ ချီးကျူးဂုဏ်ပြုသံတွေကြား သာယာခွင့်မရဘူး။ ဒုတိယတန်းစား ကစားသမားအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ မန်ယူနိုက်တက်ကို တွမ်မီနေး ကယ်တင်ချိန် များစွာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအစကဆိုရင် တွမ်မီနေးက မန်ယူနိုက်တက်ရဲ့ သွင်းဂိုးတာဝန်ကို ထမ်းရွက်ခဲ့ရတယ်။ သူမနိုင်ဝန်ထမ်းခဲ့ရပေမဲ့ မျှော်လင့်ထားတာထက် ပိုထက်မြက်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ချီးကျူးသံထက် ဝေဖန်သံသာများခဲ့တယ်။ တွမ်မီနေးဟာ ဂျိုကာတစ်ကောင်လို၊ ရုပ်သေးရုပ်လို ရှင်သန်ခဲ့ပေမဲ့ ထိုက်တန်တဲ့ ဆုလာဘ်ပြန်မရဘူး။ တန်ဟက်ဂ်ရဲ့အစီအစဉ်တွေကနေ ဖယ်ထုတ်ခံရပြီးနောက် တွမ်မီနေးဟာ သူချစ်တဲ့ ရပ်ဝန်းကနေ ထွက်ခဲ့ရပါတယ်။

သူဟာ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက် ရဲ့ပြိုင်ဘက်မဖြစ်ချင်ခဲ့ပုံပဲ။ ပရီးမီယားလိဂ်ရဲ့ အဝေး၊ နေပယ်လ်မြို့ကို တွမ်မီနေး ခရီးနှင်ခဲ့ပါတယ်။ မန်ချက်စတာအလွမ်းတွေ နှလုံးသားထဲထည့်ပြီး နေပယ်လ်မြို့ထဲ လမ်းတွေလျှောက်ခဲ့ပါတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်း တွမ်မီနေးက မန်ချက်စတာ-နေပယ်လ်ခရီးစဉ်မှာ အနှိမ်ခံဘဝကနေ သူရဲကောင်း ဘ၀ ပိုင်ဆိုင်ခဲ့ပါပြီ။ နာပိုလီရဲ့လေးကြိမ်မြောက် စီးရီးအေချန်ပီယံအောင်ပွဲကို သွင်းဂိုးတွေနဲ့ ပါရမီ ဖြည့်ပေးခဲ့တယ်။ ကွန်တီဟာ တွမ်မီနေးရဲ့အား နည်းချက်ကို အပြစ်မဆိုဘဲ၊ တွမ်မီနေးရဲ့အားသာချက်ကို ပိုကောင်းအောင် လှုံ့ဆော်ပေးတဲ့ ခေါင်းဆောင်ကောင်းပါပဲ။

တွမ်မီနေးက တိုက်စစ်ကစားပြီး ဂိုးတွေသွင်းတာ နာပိုလီရောက်မ ှမြင်ရတဲ့အရာမဟုတ်ဘူး။ မန်ယူနိုက်တက်မှာလည်း အဲဒီလိုမျိုး ဂိုးတွေ သွင်းပြဖူးတာပဲ။ ဒါပေမဲ့ ဘယ်သူမှ တန်ဖိုးမထားကြဘူး။ တွမ်မီနေးဂိုးတွေသွင်းတိုင်း မန်ယူနိုက်တက်ရဲ့လွဲ ချော်နေတဲ့နည်းဗျူဟာအဖြစ် တံဆိပ်ကပ်ခဲ့တာပါ။ ကွန်တီကတော့ တွမ်မီနေးနဲ့အတူ အကောင်းဆုံး တိုက်စစ်ဗျုဟာ၊ သွင်းဂိုးဖော်မြူလာကို သရုပ်ဖော် ခဲ့တယ်။ နောက်ဆုံး နာပိုလီလည်း စီးရီးအေရ၊ တွမ်မီနေးလည်း စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုရတဲ့အထိ အကျိုးရှိခဲ့ပါတယ်။

အီတလီဂျာနယ်လစ်တွေကတော့ တွမ်မီနေးက "တည်ဆောက်သူ"မဟုတ်၊ "ပိုပြီးမြင့်မားစေသူ"လို့ ဖွဲ့နွဲ့တယ်။ တွမ်မီနေးကြောင့် နာပိုလီအသင်း ပိုပြီးထက်မြက်လာတာကို ရည်ညွှန်းဖွဲ့နွဲ့ တာပါ။ နာပိုလီရဲ့စီးရီးအေချန်ပီယံဆု မျှော်လင့်ချက်အတွက် တွမ်မီနေးက (၁၂)ဂိုးသွင်းပြီး ပါရမီ ဖြည့်ခဲ့တယ်။ ပြီးခဲ့တဲ့ဧပြီလထဲ ငါးဂိုးသွင်းပြီး စီးရီးအေတစ်လတာ အကောင်းဆုံးကစားသမားဆုရတဲ့ ပထမဆုံး စကော့တလန်သားအဖြစ် ထည်ဝါခဲ့ဖူးတယ်။

နေပယ်လ်မြို့လိုဘောလုံးကို ကိုးကွယ်တဲ့ ရပ်ဝန်းမှာ သူရဲကောင်းဖြစ်ခွင့်ရတာ သိပ်ပြီး ဂုဏ်ယူစရာကောင်းတယ်။ တွမ်မီနေးက မဟာကံထူးရှင်ပါ။ မာရာဒိုနာကို ဘုရားသခင်လိုသဘောထားတဲ့ နာပိုလီအသင်းအတွက် တွမ်မီနေးဟာ နတ်သူငယ်လေးပဲ။ မန်ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားက တွမ်မီနေးကို ရောင်းထုတ်တဲ့ ဆုံးဖြတ်ချက်အတွက် တောက်တခတ်ခတ် ဖြစ်နေတယ်။ လန်ကက်စတာဒေသခံ တွမ်မီနေးက မန်ယူနိုက်တက်မှာ အနှစ်(၂၀)ကျော်ကြာ ဖြတ်သန်းခဲ့တယ်။ အသက်ငါးနှစ်အရွယ်ကစလို့ မန်ယူ အရိပ်အောက် ခိုလှုံဖူးသူ တွမ်မီနေးရယ်ပါ။ တွမ်မီနေးအတွက် နာပိုလီပေးလိုက်ရတာ ပေါင်(၂၅) သန်းစွန်းစွန်းပဲရှိခဲ့တယ်။ တကယ်ဆိုရင် တွမ်မီနေးက နာပိုလီရဲ့ပထမဦးစားပေးမဟုတ်ဘူး။ ဖရိုဆီနိုနီအသင်းက ဘရက်စီယာနီနီကို နာပိုလီ ကြိုးပမ်းတာမအောင်မြင်လို့ တွမ်မီနေးနဲ့ အစားထိုးခဲ့တာပါ။ နာပိုလီရဲ့ပယ်ဂဏန်းက အခု Jackpot ပေါက်ခဲ့ပါပြီ။

နာပိုလီအသင်းပရိသတ်တွေက တွမ်မီနေးကို McTotally ဆိုပြီး နာမည်ပေးထားတယ်။ တွမ်မီနေးရဲ့စွယ်စုံရစွမ်းရည်နဲ့ တစ်ကွင်းလုံးအနှံ့၊ နေရာအနှံ့ပြေးလွှားကစားနိုင်တာကို ရည်ညွှန်းပြီး McTotally လို့ Nickname ပေးထားတာပါ။အီတလီနာမည်ကျော်အားကစားသတင်းစာ Corriera dello Sport ကလည်း တွမ်မီနေးကို နေရာစုံလှည့်ပတ်ကစားနိုင်သူဆိုပြီး ချီးကျူးတယ်။ မန်ယူကစားသမား ဘဝတုန်းက (၁၇၈)ပွဲကစားမှ (၁၉)ဂိုးသွင်းယူနိုင်သူ တွမ်မီနေးဟာ ကွန်တီရဲ့ နာပိုလီအသင်းမှာ AMF Role ကစားပြီး ဂိုးတွေ ပိုသွင်းလာတယ်။ အီတလီဂျာနယ်လစ်တွေက တွမ်မီနေးကို အေစီမီလန်ကစားသမား ပူလီဆစ်ထက် ပိုကောင်းသူလို့ ချီးကျူးတယ်။ တွမ်မီနေးက ပြိုင်ဘက်ဂိုးဧရိယာထဲ ဘောလုံးထိချက် တစ်ရာကျော် ရှိပြီး စီးရီးအေကွင်းလယ်ကစားသမားတွေထဲ တိုက်စစ်အကျိုးပြုနိုင်ဆုံးကစားသမား ဖြစ်နေတယ်။ ကွန်တီက ၃-၄-၂-၁ အခင်းအကျင်းသုံးခဲ့ပေမဲ့ တွမ်မီနေး ရောက်လာပြီးနောက် ၄-၃-၃ ပြောင်းခဲ့တယ်။ တိုက်စစ်ဆင်ချိန်မှာ ၄-၂-၃-၁ ဒါမှ မဟုတ် ၄-၂-၄ အခင်းအကျင်းတွေ ကွန်တီ သုံးစွဲပါတယ်။ တွမ်မီနေးက အထောင်တိုက်စစ်မှူး လူ ကာကူနဲ့အတူ တိုက်စစ်ကို မကြာခဏ ဦးဆောင်ရပါတယ်။ တွမ်မီနေးရဲ့နည်းစနစ်အရည်အသွေးကြောင့် ကွန်တီ Low Block ကစားချင်တဲ့အခါ၊ နေရာလွတ်တွေ နည်းနိုင်သမျှနည်းအောင် ပိတ်ဆို့ ချင်တဲ့အခါ၊ Verticla Passing တွေနဲ့ မရပ်မနားရွေ့လျားမှု အခြေခံတဲ့ Defensive Live တွေ ပုံ ဖော်တဲ့အခါ တွမ်မီနေးက မရှိမဖြစ်ပါပဲ။ တိုက်စစ်အတွက်လည်း တွမ်မီနေးရဲ့ ဂိုးဧရိယာထဲ ပြေးဝင်ချိန်သားကိုက်နေရာယူတတ်မှုက အကျိုးရှိနေပါ တယ်။

အီတလီတိုက်စစ်မှူးဟောင်း ဒီကာနီယိုက "မန်ချက်စတာကိုသွားပြီး မန်ယူနိုက်တက်အသင်း ဒါရိုက်တာတွေကို ဖမ်းပစ်ချင်ပါတယ်။ တွမ်မီနေးလို စည်းကမ်းလိုက်နာ၊ ဆုံးဖြတ်ချက်ကောင်း မွန်ပြီး ဉာဏ်ရည်မြင့်ကစားသမားကို မန်ယူနိုက်တက်က ဘာလို့မထိန်းသိမ်းခဲ့တာများလဲ"ဆိုပြီး ပြစ်တင်ခဲ့ပါတယ်။ တွမ်မီနေးက မန်ယူနိုက်တက်မှာမို့ နေရာရတာ၊ တခြားအသင်းမှာဆိုရင် အရန်ခုံ တောင်ထိုင်ရမှာ မဟုတ်ဘူးလို့ ယူဆသူတွေ ရှိခဲ့ဖူးတယ်။ တွမ်မီနေးရဲ့စွယ်စုံရစွမ်းရည်ကို လှောင်ရယ်သူတွေ ရှိခဲ့ဖူးတယ်။ အခုနာပိုလီမှာ တွမ်မီနေးက သူအချဉ်ကောင် မဟုတ်ဘူးဆိုတာ သက်သေပြနေတယ်။ ကွန်တီက Serial Winner ပါ။ ဂျူဗင် တပ်စ်တစ်ခေတ်ကိုလည်း တည်ထောင်ပေးခဲ့ဖူးတယ်။ အခုနေပယ်လ်မြို့မှာ ကွန်တီက သူ့ဂုဏ် သိက္ခာကို ပြန်လည်တည်ဆောက်နေပါတယ်။ အခု ကွန်တီရဲ့နတ်ရေကန်ထဲ ခုန်ချတဲ့စီမံကိန်းမှာ တွမ်မီနေးက လမ်းပြမြေပုံကို ကိုင်ဆောင်ထားတယ်။ မန်ချက်စတာရဲ့အမေ့ဖျောက်ခံ တွမ်မီနေးဟာ နေပယ်လ်မှာ ထက်မြက်သန်မာနေပါတယ်။

ကွန်တီရဲ့ဂျူဗင်တပ်စ်ခေတ်မှာ မာခီစီယို၊ ဗီဒယ်လ်တို့လို ကွင်းလယ်အဖိုးတန်ရတနာတွေ ပိုင်ဆိုင်ဖူးပေမဲ့ တိုက်စစ်စွမ်းရည်က တွမ်မီနေးလောက် မထက်မြက်ခဲ့ဘူး။ တွမ်မီနေးကနေ ပယ်လ်မြို့နဲ့ နာပိုလီအသင်းရဲ့အထာကို နားလည်နေပါပြီ။ နာပိုလီအသင်းပရိသတ်တွေကလည်း တွမ်မီနေးအမှတ်တရ တက်တူးတွေ၊ တွမ်မီနေး ဝတ်ဆင်တဲ့ ကျောနံပါတ်(၈)တက်တူးတွေထိုးပြီးဂုဏ်ပြုနေပါတယ်။ နေပယ်လ်မြို့က San Ciro စားသောက်ဆိုင်မှာ စကော့တလန်အလံ တလူလူရှိနေပါတယ်။ အဲဒီဆိုင်ကို စကော့တလန်ဖွား ညီအစ်ကိုနှစ်ဦးက ဖွင့်ထားတာပါ။ ဆိုင်ရှေ့ကအလံမှာ နာပိုလီ၊ တွမ်မီနေးနဲ့ပီဇာဆိုပြီးရေးထားတယ်။ တွမ်မီနေးမျက်နှာနဲ့ ပီဇာတွေ ပိုရောင်းရပါတယ်။တွမ်မီနေးကိုယ်တိုင်လည်း နေပယ်လ်မြို့နဲ့ နာပိုလီအသင်းကိုသိပ်ပြီး တွယ်တာနေပါပြီ။ နေပယ်လ်မြို့ထဲ တွမ်မီနေး သဘောအကျဆုံးအရာတစ်ခုက ခရမ်းချဉ်သီးပါ။ စကော့တလန်က ခရမ်းချဉ်သီးတွေဟာ ရေလိုဖြစ်နေတယ်လို့ တွမ်မီနေး ဆိုတယ်။ နေပယ်လ်ရောက်မှ ခရမ်းချဉ်သီးအရသာကို ကောင်းကောင်းသိလာတာပါ။ ခရမ်းချဉ်သီးကို သွားရည်စာလို တွမ်မီနေးစားနေမိတယ်။ ခရမ်းချဉ်သီးမှ မဟုတ်ပါဘူး။ နေပယ်လ်မြို့က အသီးအရွက်တွေဟာ ခံတွင်းတွေ့စရာပါ။ လတ်ဆတ်ပြီး အရသာရှိနေတယ်။ နာပိုလီနဲ့အတူရတဲ့ အောင်ပွဲ တွေလိုပေါ့။

နာပိုလီကို တွမ်မီနေးရောက်တာ အခုမှ ပထမဆုံးရာသီပါ။ နာပိုလီပရိသတ်တွေကတော့ သူ့ကို ဂန္ထဝင်စာရင်းသွင်းလိုက်ပြီ။ သူ့ကို အချစ်ကြီးချစ်ပြီး နတ်ဘုရားလို ကိုးကွယ်နေပါပြီ။ နေပယ်လ်မြို့သားတွေဟာ တွမ်မီနေးကို မာရာ ဒိုနာနဲ့ တစ်ဂိုဏ်းတည်းထားလိုက်ပါပြီ။ နာပိုလီကို ချန်ပီယံဖြစ်စေမယ့် ကာဂလီယာရီနဲ့ ရာသီပိတ် နိုင်ပွဲမှာ တွမ်မီနေးက အဖွင့်ဂိုးကို Volley ကန်ပြီး လှလှပပ သွင်းပြခဲ့တယ်။ သူ့တန်ဖိုးကို ပိုပြီးအရောင်လက်စေတဲ့ဂိုးပါပဲ။ ပွဲပြီးတော့ တွမ်မီနေးက ဝမ်းသာမျက်ရည်စိုခဲ့တယ်။ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမား ဆုရကြောင်း သိလိုက်ချိန်မှာ တွမ်မီနေးနှလုံးသားထဲ စကားလုံးမရှိတဲ့ကောင်းကင် ဖြစ်ရပြီ။ စီးရီးအေချန်ပီယံအောင်ပွဲဟာ နေပယ်လ်မြို့နဲ့ ထိုက်တန်လွန်း၊ နာပိုလီပရိသတ်တွေနဲ့ ထိုက်တန်လွန်းတယ်လို့လည်း တွမ်မီနေး ပြောခဲ့ပါတယ်။ တွမ်မီနေးက သူ့ဘဝတစ်လျှောက်လုံး မန်ယူနိုက်တက်အတွက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရခဲ့တာ လှောင်ရယ်သံတွေပါ။ နာပိုလီရောက်တော့ တွမ်မီနေးက ဆန်းသစ်အိပ်မက်တွေ ပိုင်ဆိုင်ခဲ့ပေါ့။ နေပယ်လ်မြို့ထဲ တွမ်မီနေးတက်တူးဟာ ဖျောက်ဖျက်မရအောင် ထင်ကျန်ခဲ့ပြီ။

မူရင်းသတင်း — Eleven Media Group