
၂၀၂၁-၂၂ နောက်ပိုင်း အေဂျက်စ်အသင်း နယ်သာလန်အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတော့ပါဘူး။ ဒါပေမဲ့ မတ်လ (၃၀) ရက်က ကစားခဲ့တဲ့ပွဲမှာ ဒုတိယနေရာက PSV အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီးနောက် အေဂျက်စ်အသင်းဟာ နယ်သာလန်အမှတ်ပေးဇယားကို (၉) မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ အမှတ်ပေးချန်ပီယံလုပွဲက ပြီးဆုံးသွားလို့ ယူဆခဲ့ကြတာပါ။ PSV အသင်းခေါင်းဆောင် လုခ်ဒီယွန်းကိုယ်တိုင်က (၇)ပွဲသာ ကျန်တော့တဲ့ နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ သူတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့ ဒုတိယနေရာ ရပ်တည်နိုင်ဖို့ပဲ အာရုံစိုက်ရတော့မယ်လို့ ဝန်ခံခဲ့တာပါ။
၂၀၂၁-၂၂ နောက်ပိုင်း အေဂျက်စ်အသင်း နယ်သာလန်အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတော့ပါဘူး။ ဒါပေမဲ့ မတ်လ (၃၀) ရက်က ကစားခဲ့တဲ့ပွဲမှာ ဒုတိယနေရာက PSV အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီးနောက် အေဂျက်စ်အသင်းဟာ နယ်သာလန်အမှတ်ပေးဇယားကို (၉) မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ အမှတ်ပေးချန်ပီယံလုပွဲက ပြီးဆုံးသွားလို့ ယူဆခဲ့ကြတာပါ။ PSV အသင်းခေါင်းဆောင် လုခ်ဒီယွန်းကိုယ်တိုင်က (၇)ပွဲသာ ကျန်တော့တဲ့ နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ သူတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့ ဒုတိယနေရာ ရပ်တည်နိုင်ဖို့ပဲ အာရုံစိုက်ရတော့မယ်လို့ ဝန်ခံခဲ့တာပါ။ လုခ်ဒီယွန်းက "(၉)မှတ်က များလွန်းပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ ပွဲစဉ်အနည်းငယ်ပဲ ကျန်တော့တဲ့အချိန်မှာ (အမှတ်ပေးဇယားထိပ်ဆုံးကအသင်းကို) လိုက်မီဖို့မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့ ဒုတိယနေရာရဖို့ပဲ အာရုံစိုက်ရတော့မှာပါ"လို့ အေဂျက်စ်နဲ့ပွဲအပြီးမှာ ESPN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အဲဒီကနေ နောက်တစ်လခွဲလောက်အကြာမှာတော့ PSV အသင်းပရိသတ်တွေဟာ သူတို့ရဲ့ အိမ်ကွင်းမှာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြတာပါ။ PSV အသင်းက ဟီရာဆီလက်စ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရအပြီးမှာ အေဂျက်စ်အသင်းက ကစားသမားတစ်ယောက်အထုတ်ခံထားရတဲ့ ဂရိုနင်ဂျန်အသင်းကို (၉၀+၉) မိနစ်မှာ ချေပဂိုး ပေးလိုက်ရတယ်ဆိုတဲ့ သတင်းရောက်လာလို့ PSV ပရိသတ်တွေ အဲဒီလိုအောင်ပွဲခံကြတာလည်းဖြစ်ပါတယ်။ အေဂျက်ဇ်ကို ရှုံးပြီးနောက်မှာ PSV အသင်းဟာ နယ်သာလန်အမှတ်ပေး (၆) ပွဲဆက်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အေဂျက်စ်အသင်းကတော့ အဲဒီ (၆) ပွဲမှာ (၈) မှတ်ပဲရခဲ့ပြီး (၁၀) မှတ်အထိ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီလိုနဲ့ ရာသီပိတ်သိမ်းဖို့ တစ်ပွဲအလိုမှာ PSV က (၇၆) မှတ်နဲ့ အဆင့်(၁)၊ အေဂျက်စ်က (၇၅)မှတ်နဲ့ အဆင့် (၂) ဖြစ်သွားတယ်။ ရာသီပိတ်နောက်ဆုံးပွဲမှာ PSV အမှတ်လျော့မှ အေဂျက်စ် ချန်ပီယံဖြစ်မယ့် အခြေအနေ ဖြစ်သွားတယ်။ ဒါပေမဲ့ PSV က နောက်ဆုံးပွဲမှာ စပါတာရိုသာဒမ်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးချန်ပီယံဆုကို (၂)နှစ်ဆက် သိမ်းပိုက်ခဲ့ပါတယ်။
ဥရောပက ဘောလုံးပရိသတ်တွေလိုပဲ အေဂျက်စ်နဲ့ PSV ကစားသမားဟောင်း ဝင်မ်ဂျွန်ကလည်း ချန်ပီယံလုပွဲအတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ နယ်သာလန်အမှတ်ပေးပြိုင်ပွဲရဲ့ နောက်ဆုံးရက်သတ္တပတ်တွေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ "အေဂျက်စ်ဟာ ခရီးအရှည်ကြီး ဖြတ်သန်းပြီးမှ အမှတ်ပေးဇယားကို အမှတ်ဖြတ်ပြီး ဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ အမှတ်တွေ လျော့တဲ့အချိန်မှာတော့ တစ်ကမ္ဘာလုံးရဲ့ မေးခွန်းထုတ်ခြင်းကို ခံခဲ့ရတယ်။ သူတို့အသင်းအတွင်းမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိနေတာလားဆိုတဲ့ မေးခွန်းပေါ့။ ခင်ဗျားလည်း တွေ့မှာပါ။ အေဂျက်စ်အသင်းဟာ ဖိအားတွေ များလာချိန်မှာ လုံးဝကို ကျဆင်းသွားခဲ့ပါတယ်။ သူတို့ရဲ့ အရည်အချင်းကိုတော့ မေးခွန်းထုတ်စရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ကစားသမားကောင်းတွေ ရှိနေလို့ပါ"လို့ ဆိုတယ်။
ဝင်မ်ဂျွန်ကတော့ စပါတာရိုသာဒမ်၊ NEC နီမီဂျန်အသင်းတို့နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ အေဂျက်စ်အသင်းရဲ့ စွမ်းဆောင်ရည်ကျ ဆင်းသွားတာကို သတိထားမိပါတယ်။ "ပွဲစဉ်တစ်ခုအတွင်းမှာ တစ်ခုခုဖြစ်ပြီဆိုရင် သူတို့ရဲ့စိတ်ထဲမှာ တစ်ခုခုဖြစ်သွားသလိုပါပဲ။ ဘာတွေဖြစ်နေတာလဲဆိုတာမျိုးပေါ့။ ဒါက အသင်းရဲ့တည်ဆောက်ပုံအပေါ်မှာ မူတည်ပါတယ်။ ကျဆင်းသွားတဲ့ အချိန်မှာ ပြန်လည်ထူထောင်ဖို့အတွက် ခွန်အားနဲ့ ယုံကြည်မှုလိုပါတယ်"လို့ ဝင်မ်ဂျွန်က ဆိုတယ်။ အခုဆိုရင် အေဂျက်စ်ရဲ့ ကျဆုံးမှုက လက်ရှိဘောလုံးကမ္ဘာမှာ လူပြောအများဆုံးအကြောင်းအရာတစ်ခု ဖြစ်နေပါပြီ။ ဒီဇင်ဘာမှာ အေဂျက်စ်ကို (၉)မှတ်ဖြတ်ခဲ့တာထက် ပြိုင်ပွဲပြီးဆုံးဖို့ (၇)ပွဲအလိုမှာ (၉)မှတ်ဖြတ်ထားတဲ့ အေဂျက်စ်ကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ PSV ရဲ့ ပြန်လာနိုင်မှုက ပိုပြီးတော့ အံ့သြစရာကောင်းပါတယ်။
ဒီရာသီ နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ Plot twist က ကြမ်းလွန်းပါတယ်။ အောက်တိုဘာတုန်းကတော့ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့မယ်လို့ ဘယ်သူမှ မတွက်ခဲ့ကြပါဘူး။ ဝင်မ်ဂျွန်က "အေဂျက်စ်က နည်းပြဟောင်း ပေတာဘော့ဇ် လက်ထက်မှာကတည်းက တစ်ခါတလေ အရမ်းကောင်းခဲ့ပါတယ်။ အဲဒီတုန်းက သူတို့အသင်းဟာ နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ အကောင်းဆုံးပါ။ ပြိုင်ဘက်ကို စိုးမိုးပြီး High Press လုပ်တာလည်း အရမ်းကောင်းပါတယ်။ သူတို့ကို ကြည့်ရတာ တကယ်ကို ဖျော်ဖြေမှုဖြစ်ခဲ့တာပါ။ ရာသီသစ်မှာရော အေဂျက်စ်အနေနဲ့ အဲဒီလိုစွမ်းဆောင်နိုင်မလား စောင့်ကြည့်ချင်ပါတယ်"လို့ ဆိုခဲ့ပါတယ်။
အတွေ့အကြုံနဲ့ အရည်အချင်း ရှိပေမဲ့
PSV အတွက် မတ်လအစောပိုင်းက အဆိုးရွားဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ (၁-၇) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အဲဒီလကုန်ပိုင်းမှာပဲ PSV အသင်းဟာ အေဂျက်စ်နဲ့ ကစားခဲ့ရပြီး အိမ်ကွင်းမှာ (ဝ-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ နယ်သာလန်အမှတ်ပေးဇယားမှာ အေဂျက်စ်နဲ့ (၉) မှတ်အထိ ကွာဟသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ PSV အသင်းဟာ ပွဲတွေဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ မေ (၁၁) ရက်မှာ ကစားခဲ့တဲ့ ဖီယင်နုနဲ့ပွဲမှာတော့ ခြေချော်မလို ဖြစ်ခဲ့သေးတာပါ။ အဲဒီပွဲမှာ PSV အ သင်းဟာ ဖီယင်နုအသင်းရဲ့ (၂-ဝ) ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး (၉၀+၉) မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးကြောင့် အနိုင်ရခဲ့တာပါ။ PSV အသင်း နိုင်ပွဲဆက်နေချိန်မှာ အေဂျက်စ်အသင်းက တစ်ခါမှ မရှုံးဖူးတဲ့ NEC နီမီဂျန်အသင်းကို (ဝ-၃) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး နောက် (၃) ရက်အကြမှာ ကစားခဲ့တဲ့ပွဲမှာလည်း ဂရိုနင်ဂျန်အသင်းကို (၉၀+၉) မိနစ်မှာ ချေပဂိုးပေးခဲ့ရပြီး သရေကျခဲ့တာပါ။
ဝင်မ်ဂျွန်က "အေဂျက်စ်အတွက် မေးခွန်းတွေ ရှိပါတယ်။ တစ်ခုတည်းသော ပန်းတိုင်းအတွက် အတ္တတွေကို ဖယ်ထားလောက်တဲ့ အောင်မြင်မှုအတွက် ဆာလောင်မှုမရှိဘူးလားဆိုတဲ့ မေးခွန်းပါ။ ခြေစချော်တဲ့ အခိုက်အတန့်မှာ အရာအားလုံးက လမ်းမှားဘက်ကို ဦးတည်နေပြီဆိုတာကို သိကြတာပါပဲ။ ကံတရားကလည်း အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါပေမဲ့ ကံကောင်းအောင် ကိုယ်တိုင်လုပ်ယူလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အေဂျက်စ်က ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်ရှိခဲ့တာလေ။ ဂရိုနင်ဂျန်နဲ့ပွဲမှာဆိုရင် ပွဲပြီးခါနီး ပိတ်ကစားခဲ့တယ်။ သူတို့က လူတစ်ယောက် သာနေပါတယ်။ ရှေ့မတက်ဘဲ ခံစစ်ကို ပိတ်ကစားတယ်။ အဲဒါကို မြင်ရတာ ရှက်ဖို့တောင်ကောင်းပါတယ်။ အေဂျက်စ်က လုပ်နိုင်စွမ်းတွေ ရှိနေရဲ့နဲ့ မလုပ်နိုင်ခဲ့ဘူး။ သူတို့မှာ အတွေ့အကြုံရော၊ အရည်အချင်း ရှိပါတယ်"လို့ ဆိုတယ်။
ဦးဆောင်သူ ဟန်ဒါဆန်
အေဂျက်စ်အနေနဲ့ သေချာပေါက် ကိုယ့်ဖလားဖြစ်နေတာကို လွှင့်ပစ်ခဲ့ပေမဲ့ အဲဒီရာသီမှာ အပြုသဘောဆောင်တဲ့ အရာတွေအများကြီး ရှိခဲ့တယ်လို့ ဝင်မ်ဂျွန်က ယုံကြည်နေပါတယ်။ နယ်သာလန်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဝင်မ်ဂျွန်က ဟာတို၊ ကင်နက်ချ်တေလာ၊ ဘရော့ဘ်ဘေနဲ့ ယူရီဘက်စ်တို့ဟာ ဒီရာသီမှာ အများကြီးတိုးတက်လာတယ်လို့ ပြောဆိုခဲ့တာပါ။ ပြီးတော့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာလည်း အေဂျက်စ်အသင်းရဲ့ အရေးအကြီးဆုံးကစားသမားအဖြစ် ရှိနေဆဲပါပဲ။ ဝင်မ်ဂျွန်က "ဟန်ဒါဆန်က အေဂျက်စ်ရဲ့ ဦးဆောင်ကစားသမားပါ။ သူဟာ အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ ဒီရာသီမှာတော့ ပိုကောင်းလာတယ်။ သူက အသင်းကိုအကောင်းဆုံးထိန်းချုပ်နိုင်ပြီး ခံစစ်ကိုကူတာလည်း ပိုကောင်းလာတယ်"လို့ ဆိုတယ်။
အေဂျက်စ်ကစားသမားတွေကလည်း ဟန်ဒါဆန်က သူတို့အတွက် ကွင်းတွင်းကွင်းပြင်ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ထုတ်ပြောခဲ့ကြပါတယ်။ အထူးသဖြင့် ဟန်ဒါဆန်က လူငယ်ကစားသမားတွေကို တိုးတက်အောင် ပရိုကစားသမားပီသအောင် ကူညီပေးခဲ့တာပါ။ အေဂျက်စ်ဟာ ဒီရာသီမာ PSV နဲ့ ဖီယင်နုတို့ကို နှစ်ကျော့စလုံး အနိုင်ရအောင် ကစားနိုင်ခဲ့ပေမဲ့ ရာသီကုန်ခါနီး ခြေချော်ခဲ့တာကြောင့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာပါ။ ဝင်မ်ဂျွန်ကိုယ်တိုင်လည်း ၁၉၉၁ ခုနှစ်က အေဂျက်စ်ကစားသမားဘ၀ အခုလိုဖြစ် ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီတုန်းက အေဂျက်စ်အသင်းဟာ ရာသီပိတ်နောက်ဆုံးပွဲမှာ တစ်မှတ်ရရုံနဲ့ ချန်ပီယံဖြစ်မှာဖြစ်ပေမဲ့ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ SVV အသင်းကို (ဝ-၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး အဆုံးမှာ ချန်ပီယံဆုကို PSV အသင်းဆီ လွဲှပေးခဲ့ရတာပါ။ ဝင်မ်ဂျွန်က "ဒီရာသီကုန်ခါနီးဆိုရင် အသင်းတွေက ဖိအားပိုများတတ်ပါတယ်။ အထူးသဖြင့် တစ်ခုခုမျှော်လင့်ချက်စရာ ရှိနေတဲ့ အသင်းတွေပေါ့။ SVV-အေဂျက်စ်ပွဲကို အခုထိ ကျွန်တော် အမှတ်ရနေတုန်းပါ။ အဲဒီပွဲမှာ ကျွန် တော်တို့အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပြီးတော့ ပြိုင်ဘက်ကို အခွင့်အရေးတစ်ကြိမ်ကနေ တစ်ဂိုး ပေးလိုက်ရတယ်။ ဘောလုံးမှာ အဲဒီလိုတွေ ဖြစ်နိုင်ပါတယ်။ သိပ်မကြာခင်ကလည်း ခင်ဗျားတို့ အဲဒီလိုအဖြစ် အပျက်တွေ မြင်တွေ့ခဲ့ရမှာပါ"လို့ ဆိုတယ်။
၂၀၂၄-၂၅ ရာသီ နယ်သာလန်အမှတ်ပေး ပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ ဝင်မ်ဂျွန် ပြောသလို အဖြစ်အပျက်တွေကို ၂၀၂၄-၂၅ ရာသီ နယ် သာလန်အမှတ်ပေးပြိုင်ပွဲမှာ အများကြီး မြင်တွေ့ခဲ့ရပါတယ်။ နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ အေဂျက်စ်နဲ့ PSV တို့ရဲ့ Plot twist ကတော့ ဘောလုံးကမ္ဘာမှာ ပရိသတ်တွေအတွက် ပြောစရာတစ်ခုအဖြစ် ကျန်ရှိနေမှာတော့ သေချာပါတယ်။