
အာနိုးလ်ထွက်ခွာတဲ့ ဂယက်တွေက အသင်းကို ရိုက်ခတ်ဆူညံစေနေတုန်းမှာပဲ လီဗာပူးလ်ဟာ ရွှေ့ကွက်သစ်တစ်ခုနဲ့ ကိုယ့်တာကိုယ်လုံအောင် တည်ဆောက်လိုက်တယ်။ အာနိုးလ်ထွက်မယ်၊ ဖရင်ပေါင်ဝင်မယ်။ အပြောင်းအရွှေ့ရာသီတောင် မစသေးဘူး၊ လီဗာပူးလ်တို့ ခပ်မြန်မြန်ပဲ လှုပ်ရှားလိုက်တယ်။ ဂျာစီမကိုင်ခင် မသေချာသေးတာကလွဲလို့ ကိစ္စတွေက ကျိန်းသေသလောက်ဖြစ်နေပါပြီ။ လီဗာပူးလ်ဟာ ဖရင်ပေါင်ရဲ့ စာချုပ်လျော်ကြေး ယူရို(၃၅)သန်းကို ပေးချေမယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်ပြီး မကြာခင်မှာ ဆေးစစ်မယ်။ ကလပ်ကမ္ဘာ့ဖလားအတွက် ဖွင့်ပေးထားတဲ့ ဇွန်လအပြောင်းအရွှေ့ကာလတိုမှာ ဖရင်ပေါင်တစ်ယောက် လီဗာပူးလ်ဆီ ရောက်လာဖို့ ရှိနေပါတယ်။
အာနိုးလ်ထွက်ခွာတဲ့ ဂယက်တွေက အသင်းကို ရိုက်ခတ်ဆူညံစေနေတုန်းမှာပဲ လီဗာပူးလ်ဟာ ရွှေ့ကွက်သစ်တစ်ခုနဲ့ ကိုယ့်တာကိုယ်လုံအောင် တည်ဆောက်လိုက်တယ်။ အာနိုးလ်ထွက်မယ်၊ ဖရင်ပေါင်ဝင်မယ်။ အပြောင်းအရွှေ့ရာသီတောင် မစသေးဘူး၊ လီဗာပူးလ်တို့ ခပ်မြန်မြန်ပဲ လှုပ်ရှားလိုက်တယ်။ ဂျာစီမကိုင်ခင် မသေချာသေးတာကလွဲလို့ ကိစ္စတွေက ကျိန်းသေသလောက်ဖြစ်နေပါပြီ။ လီဗာပူးလ်ဟာ ဖရင်ပေါင်ရဲ့ စာချုပ်လျော်ကြေး ယူရို(၃၅)သန်းကို ပေးချေမယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်ပြီး မကြာခင်မှာ ဆေးစစ်မယ်။ ကလပ်ကမ္ဘာ့ဖလားအတွက် ဖွင့်ပေးထားတဲ့ ဇွန်လအပြောင်းအရွှေ့ကာလတိုမှာ ဖရင်ပေါင်တစ်ယောက် လီဗာပူးလ်ဆီ ရောက်လာဖို့ ရှိနေပါတယ်။
ဂျယ်ရမီဖရင်ပေါင်ဆိုတာ လက်ရှိဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးညာနောက်ခံလူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ယူရို (၃၅)သန်း၊ ပေါင်(၂၉.၆)သန်းဆိုတဲ့ ပမာဏက တော်တော်လေးတန်တယ်။ နယ်သာလန်လက်ရွေးစင်ဖြစ်တယ်။ ဘွန်ဒစ်လီဂါမှာ လေးရာသီခွဲ ဖြတ်သန်းပြီး၊ သက်သေပြပြီးခဲ့ပြီ။ နောက်ဆုံး သုံးနှစ်တာကာလကတော့ ဖရင်ပေါင်ရဲ့ ကမ္ဘာ့အဆင့်ညာနောက်ခံလူ တစ်ယောက်အဖြစ် ထိုးထွက်လာချိန်ပါပဲ။ အသက် (၂၄)နှစ်အရွယ်နဲ့ ခြေစွမ်းပိုင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်နေတဲ့ ကစားသမားလည်းဖြစ်တယ်။ ဘောနပ်စ်အဖြစ် ဗြိတိန်ငယ်မွေးခြံပေါက်ဂုဏ်ဒြပ်ပါ ရရှိပါဦးမယ်။ ဖရင်ပေါင်က မန်စီးတီးအကယ်ဒမီထွက်ဖြစ်တာကြောင့် Homegrown Players rule နဲ့ ကိုက်ညီတဲ့ ကစားသမားဖြစ်နေတယ်။ အာနိုးလ်ရဲ့ Homegrown နေရာကို ကွက်တိဒတ်ထိ ဖြည့်လိုက်နိုင်လို့ လီဗာပူးလ်ဟာ ဒီအပိုင်းနဲ့ ပတ်သက်လို့ ခေါင်းပူနေစရာ မလိုတော့ဘူး။
အာနိုးလ်ရဲ့ ကွက်လပ်ကကြီးပါတယ်။ သူ့ လို ကစားပေါက်နဲ့ ကစားသမားကို ရရှိဖို့ မလွယ်ဘူး။ ညာနောက်ခံလူတစ်ယောက်က အဲဒီလောက်အထိ ပေးပို့မှု၊ အဝေးဘာနဲ့ အမြင်စူးရှမှု ရှိဖို့ဆိုတာ ခက်ခဲလွန်းတယ်။ ဒါပေမဲ့ ဘောလုံးကစားနည်းဆိုတာကလည်း နည်းလမ်းတစ်မျိုးတည်း၊ ကစားပေါက်တစ်မျိုးတည်းနဲ့ ရှင်သန်နေတာ မဟုတ်ဘူး။ အဓိပ္ပာယ်ဖွင့်ဆိုပုံ အမျိုးမျိုး၊ ကစားဟန်အသွယ်သွယ်နဲ့ ချဉ်းကပ်နိုင်တယ်။ ပုံဖော်နိုင်တယ်။ အာနိုးလ်ရဲ့ ကွက်လပ်ဟာ ကြီးတယ်ဆိုရင် အဲဒီကွက်လပ်ကို ခြားနားတဲ့ နည်းလမ်းနဲ့ ဖြည့်နိုင်ဖို့ အဖြစ်နိုင်ဆုံးဟာ ဖရင်ပေါင်ပဲ ဖြစ်တယ်။
လက်ရှိဘောလုံးကမ္ဘာမှာ ဟာကီမီ၊ ခွန်ဒေတို့လောက်ပဲ အာနိုးလ်ရဲ့တန်းမှာ ရှိတယ်လို့ ဆိုနိုင်ပြီး သူတို့နောက်မှာ တင်မ်ဘာ၊ ဖရင်ပေါင်၊ ပတ်ဒရိုပေါ်ရိုတို့ လိုက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒီအထဲမှာ အာနိုးလ်က တိုက်စစ်လိုက်ပါမှုအပေါ် အားအပြုဆုံးဖြစ်သလို၊ အကောင်းဆုံးလည်း ဖြစ်တယ်။ ဖရင်ပေါင်က ဟာကီမီနဲ့ သွားဆင်တယ်။ အမြန်နှုန်းနဲ့ ဘောလုံးသယ်ဆောင်မှုကို အခြေပြု ထားတယ်။ ကျန်ကစားသမားတွေကို ကြည့်လိုက်ရင် လီဗာပူးလ်အနေနဲ့ ခေါ်ယူဖို့ မဖြစ်နိုင်တဲ့ ကစားသမားတွေချည်းပဲ။ ဒါကြောင့်မို့ လီဗာပူးလ်လိုနေတဲ့ ကွက်လပ်ကို အဖြည့်နိုင်ဆုံးရယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။
ဖရင်ပေါင်က မနှစ်က လေဗာကူဆင်အသင်း ရှုံးပွဲမရှိ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်တော့ အသင်းရဲ့ အဓိကလက်နက် ဖြစ်ခဲ့တယ်။ ဖရင်ပေါင်နဲ့ဂရီ မယ်လ်ဒိုတို့ရဲ့ခံစစ်တောင်ပံတစ်စုံဟာ ပြိုင်ဘက်တိုင်းအတွက် ကြောက်စရာဖြစ်ခဲ့တယ်။ ဖရင်ပေါင်က (၄၇)ပွဲကစား၊ (၁၄)ဂိုးသွင်း (၁၂)ကြိမ် ဂိုးဖန်တီးခဲ့တယ်။ Wingback နေရာမှာမို့ တိုက်စစ်ကို ပိုမိုလိုက်ခွင့်ရတဲ့ အခွင့်အရေးရှိနေတယ်ဆိုရင်တောင် ဒီကိန်းဂဏန်းတွေက ခံစစ်တောင်ပံကိုပါ တွဲယူရတဲ့ ကစားသမားနေရာအတွက်ဆိုရင်တော့ ကြောက်မက်ဖွယ်ရာ ဖြစ်နေဆဲပါ။ ဒီရာသီမှာလည်း ဖရင်ပေါင်က (၄၈)ပွဲကစား၊ (၅)ဂိုးသွင်း (၉)ကြိမ် ဂိုးဖန်တီးထားတယ်။ ပွဲကစားနှုန်းများပြားခြင်းက သူ့ရဲ့ တည်ငြိမ်မှု၊ ဒဏ်ရာကင်းစင်မှုကို ပြသပြီး ဂိုး+ဖန်တီးမှု နှုန်းထားကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။
ဒီထက်ပိုပြီး အတွင်းကျကျ တူးဆွမယ်ဆိုရင် သူက Sprint တွေ အရမ်းသုံးတယ်။ ဘွန်ဒစ်လီဂါ ရဲ့ Sprint ဒုတိယအပြေးဆုံးဖြစ်ပြီး လေဗာကူဆင် ကစားသမားဘဝမှာ အပြေးလမ်းကြောင်း(၁၀၀၀)ကျော် ပမာဏ ပြေးထားတယ်။ Sprint ဆိုတာ တစ်နာရီ (၂၅)ကီလိုမီတာအထက် ပြေးလွှားခြင်းကို ဆိုလိုပါတယ်။ အမြန်ဆုံးပြေးနှုန်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ အာနိုးလ်က ဘောလုံးလွှတ်တဲ့ ကစားသမားဖြစ်ပြီး ဖရင်ပေါင်ကတော့ အဲဒီကွက်လပ်ကို သူ့ရဲ့ ပြေးနှုန်းနဲ့ ဖြည့်ပေးလိမ့်မယ်။ ပြေးခြင်းမှာ အားသန်တဲ့အတွက် သူ့ရဲ့ Carries ဆိုတဲ့ ဘောလုံးသယ်ဆောင်မှုပမာဏက ထူးချွန်လာတယ်။ အာနိုးလ်က Progressive passes တွေ လုပ်သူဆိုရင် ဖရင်ပေါင်က Progressive Run တွေ ပြုလုပ်သူ ဖြစ်တယ်။ ဖရင်ပေါင်က Carries အကြိမ်ပေါင်းများစွာ ပြုလုပ်တဲ့အပြင် သူ့ရဲ့ သယ်ဆောင်မှုတွေက ရှည်လျားတဲ့အကွာအဝေးတွေ ဖြစ်နေတာကို တွေ့ရှိရတယ်။ ဒါကြောင့် လက်ရှိဘောလုံးကမ္ဘာရဲ့ခံစစ်ကစားသမားတွေထဲမှာ တင်မကဘဲ ဘောလုံးသမားအားလုံးထဲမှာတောင် Ball carrying ability အမြင့်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေတာကို တွေ့ရပါတယ်။
ဖရင်ပေါင်ရဲ့ကစားဟန်က မရှုပ်ထွေးပါဘူး။ သူဟာ ဘောလုံးကိုကိုင်ပြီး မြန်မြန်ပြေးတက်မယ်။ ဖြတ်တင်ဘောတွေ ပေးပို့ပါမယ်။ သူဟာ အာနိုးလ်ထက် ပိုပြီး ဖြတ်တင်ဘောတွေ လုပ်ထားသူဖြစ်တယ်။ တောင်ပံကစားကွက်နေရာတွေ၊ ကွင်းရဲ့အစွန်ဘက်အခြမ်းတွေမှာ သူဟာ တစ်ချိန်လုံး ဖိအားပေးနေမယ်။ သူ ကိုယ်တိုင် သယ်တက်သွားတာမျိုး ရှိမှာဖြစ်သလို၊ ကွင်းလယ်က ပေးလိုက်တဲ့ ဘောလုံးတွေနဲ့ တိုက်ခိုက်ဖို့အတွက် မြန်နှုန်းမြင့်ပြေးအားနဲ့ စောင့်နေမယ့်သူ ဖြစ်တယ်။ ဒါဟာ အသက်ထောက်လာပြီဖြစ်သလို၊ တတ်နိုင်သလောက် ခွန်အားလျှော့ချပြီး ဂိုးပေါက်နဲ့ နီးနီးနေရာ ယူချင်လာတဲ့ မိုဆာလာအတွက် အကောင်းဆုံး အထောက်အပံ့တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဖရင်ပေါင်ရဲ့ အကျယ်ဖြန့်နိုင်မှုနဲ့ ပြိုင်ဘက်ခံစစ်ကြောင်းကို ဆွဲချဲ့နိုင်စွမ်းတွေဟာ ဆာလာကို သက်သောင့်သက်သာ ဖြစ်စေနိုင်တယ်။ ဒါ့အပြင် ဖရင်ပေါင်ဟာ ပယ်နယ်တီဧရိယာထဲမှာ ထိချက်အရမ်းများတဲ့သူ၊ တိုက် စစ်ထိပ်ဖျားအထိ လိုက်ပါကစားသူဖြစ်လို့ မိုဆာလာအနေနဲ့ ပယ်နယ်တီဧရိယာထိပ် Right Inside Channel တွေကနေ ခြယ်လှယ်နေချိန် သူက ချိန်သားကိုက် တိုက်ခိုက်နိုင်မှာ ဖြစ်တယ်။
အာနိုးလ်ရဲ့ ပေးပို့မှုပိုင်းဆိုင်ရာ ကွက်လပ်ကိုတော့ ကွင်းလယ်လူတွေ ဖြည့်သွားရမှာပါ။ ဖရင်ပေါင်ကတော့ ဟန်မတူပေမဲ့ ခြားနားတဲ့သက်ရောက်မှုအားဖြင့် လီဗာပူးလ်ညာခြမ်းကို အသက်ဝင်နေအောင် ကူညီလိမ့်မယ်။ ဖရင်ပေါင်အတွက် ပိုမိုအသားကျစေနိုင်တာက သူဟာ တစ်နိုင်ငံတည်း သားတွေဖြစ်တဲ့ နည်းပြ ဆလော့၊ သူငယ်ချင်းဖြစ်သူ ဂရာဗန်ဘာ့ချ်နဲ့ ခေါင်းဆောင် ဗန်ဒိုက်တို့နဲ့ ကြုံဆုံရမှာပါ။ မန်စီးတီးနဲ့ဆဲလ်တစ်၊ ဗြိတိန်ရပ်ဝန်းထဲမှာ ဆယ်နှစ်ကျော် ဖြတ်သန်းခဲ့ပြီးဖြစ်လို့ ဓလေ့ရိုးရာအရလည်း အသားကျနေပြီးသား ဖြစ်တယ်။
တကယ်တော့ ကစားသမားတစ်ဦးအတွက်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျရှိနေခြင်းဆိုတဲ့အရာဟာ အင်မတန်အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ တချို့ကစားသမားတွေအတွက် ဒါဟာ ပြဿနာမဖြစ်ဘူးဆိုရင်တောင် ကစားသမား သစ်တော်တော်များများအတွက် ဒီအရာက ကြီးမားတဲ့ ပြဿနာတစ်ခုအဖြစ် ရှိနေဆဲပါပဲ။ ယဉ်ကျေးမှုမတူညီခြင်း၊ အစားအသောက်နဲ့ နေထိုင်မှု ပုံစံမတူညီခြင်းဆိုတာတွေက ကစားသမားတစ်ဦးကို အမြင့်ဆုံးစွမ်းဆောင်ရည်ဆီကို သွားတဲ့ခရီးမှာ သိသာထင်ရှားတဲ့ အတားအဆီးတစ်ခုဖြစ်ပါတယ်။ ဒီအတားအဆီးကြောင့်လည်း အချို့ကစားသမားတွေဟာ ထိပ်တန်းအရည်အသွေးရှိပါ လျက်နဲ့ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အကောင်းဆုံးပုံစံကို အလျင်အမြန် ပြသနိုင်ဖို့ ရုန်းကန်ရခြင်းဖြစ်ပါတယ်။ ဖရင်ပေါင်က လီဗာပူးလ် မြို့နဲ့တောင် သိပ်မကွာဝေးတဲ့ မန်ချက်စတာမှာ ငယ်ဘဝနှစ်ပေါင်းများစွာ အခြေချခဲ့ဖူးပြီး နေထိုင်မှုပုံစံက လုံးဝကွက်တိကျနေခြင်းဟာ လက်ရှိခေါ်ယူမယ့် လီဗာပူးလ်အသင်းအတွက် အချိုပေါ် သကာဆင့်တဲ့ အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်။
ဒီဈေးနှုန်းနဲ့ ဒီအရွယ်၊ ဒီလိုအရည်အသွေး၊ ဒီလိုဝန်းကျင်နောက်ခံပြည့်စုံနေတဲ့သူ ရှာဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း လီဗာပူးလ်ဟာ အမြန်ဆုံးနှုန်းနဲ့ ချဉ်းကပ်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် လက်နက်သစ်တစ်ခုဖြစ်လာဖို့ရှိပြီး ဘယ်လိုပုံစံသစ်တွေ ထွက်ပေါ်လာမလဲ စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။