Eleven Media Group

မြို့လှည့်အောင်ပွဲခံအခမ်းအနား၌ ထိခိုက်ဒဏ်ရာရသူများအတွက် ဆုတောင်းပေးခဲ့သည့် ဘောလုံးလောကသားများကို လီဗာပူးလ်နည်းပြ ဆလော့ ကျေးဇူးတင်

Photo: Getty Images

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အသင်း၏မြို့လှည့်အောင်ပွဲခံအခမ်းအနားတွင် ကားဖြင့်မောင်းဝင်ကာ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အသင်းပရိသတ်များအတွက် ဆုတောင်းပေးခဲ့ကြသည့် ဘောလုံးလောကသားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် မေ (၂၅) ရက်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပြီးနောက် နောက်တစ်ရက်ဖြစ်သည့် မေ (၂၆) ရက်တွင် အမိုးဖွင့်ကားဖြင့် လီဗာပူးလ်မြို့တွင်းလှည့်လည်အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
အမှတ်ပေးချန်ပီယံဆုကို အကြိမ် (၂၀) မြောက် ရရှိခဲ့သည့် လီဗာပူးလ်အသင်း၏မြို့တွင်းလှည့်အောင်ပွဲခံအခမ်းအနားကို အသင်းပရိသတ်သန်းချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြသည်။
သို့သော် မြို့တွင်းလှည့်အောင်ပွဲခံမှုမပြီးမီ ဒေသစံတော်ချိန် ညနေ (၆) နာရီတွင် Water လမ်း၌ အောင်ပွဲခံနေသည့် လီဗာပူးလ်ပရိသတ်လူအုပ်ကို လူတစ်ဦးက ကားဖြင့်မောင်းဝင်ကာ တိုက်ခိုက်ခဲ့ရာ လူ (၅၀) ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် မြို့တွင်းလှည့်အောင်ပွဲခံမှုကို ရည်မှန်းထားသည့်နေရာမရောက်မီ ရပ်တန့်ပစ်ခဲ့ပြီး အဆိုပါဖြစ်ရပ်တွင် ထိခိုက်ခဲ့သူများကို အပြည့်အဝထောက်ပံ့ပေးသွားမည်ဟု ချက်ချင်းထုတ်ပြန်ခဲ့သည်။
လီဗာပူးလ်နည်းပြ ဆလော့သည် လိဂ်မန်နေဂျာအစည်းအရုံးမှ ချီးမြှင့်သည့် LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရရှိခဲ့ပြီး ယင်းဆုကို မေ (၂၇)ရက်တွင် လန်ဒန်မြို့၌ အခမ်းအနားဖြင့် ပေးအပ်ခြင်းဖြစ်သော်လည်း လီဗာပူးလ်ပရိသတ် များ ထိခိုက်ဒဏ်ရာမှုကြောင့် အဆိုပါဆုပေးပွဲသို့ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
ဆလော့သည် အဆိုပါဆုပေးပွဲသို့ အိတ်ဖွင့်စာပေးခဲ့ပြီး ပရိသတ်များ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအတွက် ဆုတောင်းပေးခဲ့သည့် ဘောလုံးလောကသားများကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်ပရိသတ်များရှိနေသည့် လူအုပ်ကို ကားဖြင့်ဝင်တိုက်ခဲ့သူအား ဖမ်းဆီးထားပြီး ရဲများက စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group