Eleven Media Group

ဥရုဂွေးတွင် ဆွာရက်ဇ်နှင့် မက်ဆီ ဘောလုံးကလပ်အသင်း တည်ထောင်ပြီး စတုတ္ထတန်း၌ ယှဉ်ပြိုင်မည်

Photo: X

အင်တာမိုင်ယာမီအသင်းတွင် အတူကစားနေပြီး ရင်းနှီးသည့် မိတ်ဆွေများလည်းဖြစ်သည့် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်နှင့် အာဂျင်တီးနားအသင်း၏ လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီသည် ဥရုဂွေးနိုင်ငံတွင် ဘောလုံး ကလပ်အသင်းတစ်သင်း တည်ထောင်ပြီး စတုတ္ထတန်းလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင် ဒီပို့တီဗို LS အမည်ရှိအသင်းကို ဒီပို့တီဗို LSM အမည်ဖြင့် ပြောင်းလဲတည်ထောင်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့မှာ အဖွဲ့ဝင် (၃၀၀၀)ကျော် ရှိပါတယ်။ အခြေခံအဆောက်အဦကောင်းရှိပြီး ပရော်ဖက်ရှင်နယ် (၈၀)ကျော်က ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် နေ့စဉ်နေ့တိုင်း ထောက်ပံ့ကူညီပေးနေပါတယ်။ ကျွန်တော်တို့ လူငယ်တွေကို အကူအညီ ပေးချင်ပါတယ်''ဟု ဆွာရက်ဇ်က မက်ဆီနှင့်အတူတကွ ယှဉ်တွဲပြီး Instagram မှတစ်ဆင့် ဘောလုံးကလပ်တည်ထောင်မှုကို အတည်ပြု ကြေညာခဲ့သည်။
ဥရုဂွေးမီဒီယာအချို့ကမူ ယခုကလပ်အသင်းကို ဆွာရက်ဇ်က အဓိကဦးဆောင်မည်ဖြစ်ပြီး မက်ဆီက မိတ်ဖက်အနေဖြင့်သာ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group