Myanmar Transparency News

ကန်စွန်းရွက်‌တွေ တညင်းကုန်း ကုန်စိမ်းဒိုင်ဆီလာသွင်းတဲ့ သုံးဘီးဆိုင်ကယ်ကို YBS က တိုက်မိလို့ ဆိုင်ကယ်မောင်းနှင်သူ ရုပ်ပျက်ဆင်းပျက် သေဆုံး

၂. ၆. ၂၀၂၅
Written by Hey Mar

ကန်စွန်းရွက်တွေ တညင်းကုန်းဈေးဆီ လာပို့တဲ့ သုံးဘီးဆိုင်ကယ်ကို ပြိုင်မောင်းလာတဲ့ YBS ယာဉ်က တိုက်ကြိတ်မိလို့ သုံးဘီးဆိုင်ကယ်သမား နေရာတင် သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇွန်လ ၂ ရက်နေ့ မနက် သုံးနာရီဝန်းကျင်က တညင်းကုန်း ဈေးဘူတာ သံလမ်းနားမရောက်ခင်‌ နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာမှာ သေဆုံးသူ သုံးဘီးဆိုင်ကယ်မောင်းသမားက တညင်းကုန်းဘူတာစုရပ်ကွက်ကလို့ သိရပြီး အမည်မှာ ကိုကျော်စိုးဝင်း အသက် ၃၉ နှစ်ဖြစ်ကာ ကန်စွန်းခင်းတွေဆီက ရတဲ့ ကန်စွန်းရွက်တွေကို စုစည်းသယ်ဆောင်ပြီး တညင်းကုန်းဈေးက ကုန်စိမ်းဒိုင်မှာ ပြန်လည်ဖောက်သည်သွင်းတဲ့ အလုပ် လုပ်ကိုင်နေသူလို့ သိရပါတယ်။

“သူဖြစ်သွားတဲ့ပုံကို ဈေးကြိုသမားတချို့က မျက်မြင်အခြေအနေပြောပြတာတော့ YBS နဲ့ ကုန်တင်ဒိုင်နာတစ်စီးက ပြိုင်မောင်းလာရင်း သူ့ကို YBS က တိုက်လိုက်တာ သူက ကားအောက်ကို နှစ်မှတ်တိုင်လောက်ထိ ပါသွားတယ် ပြောတယ်။ လက်လည်းပြတ်တယ်။ ဦးနှောက်ထွက်၊ အူပွင့်ထွက်ပေါ့။ ကျွန်‌တော်တို့လည်း တစ်စစီကို သေချာ လိုက်ကောက်ပြီး ကောင်းမွန်စွာ ထုပ်ပိုး သယ်ဆောင်ပေးခဲ့ပါတယ်” လို့ ရုပ်အလောင်း သွားရောက်ကောက်ယူခဲ့တဲ့ ကနောင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဖြစ်စဥ်မှ သေဆုံးသူရဲ့ Dead body ကို သက်ဆိုင်ရာရဲလုပ်ငန်းစဉ်‌တွေ အပြီးမှာ၊ အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News