Myanmar Transparency News

မီးပွိုင့်မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်စီးသူအမျိုးသမီးနှစ်ဦး သေဆုံး

၃ .၆.၂၀၂၅
Written by Hey Mar

မီးဝါဖြတ်လာတဲ့ ဟိုက်ဂျက်နဲ့ မီးစိမ်းလို့ ထွက်လာတဲ့ ဆိုင်ကယ် မီးပွိုင့်မှာ အရှိန်နဲ့ တိုက်မိရာက အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ဇွန်လ ၃ ရက်နေ့ နေ့လယ် ၄ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ် ဖြစ်ပွားတဲ့ မီးပွိုင့်က စစ်ကိုင်းတံတားဆင်း ကိုးပေတံတားအကျော်လို့ သိရှိရပြီး ညီအစ်မနှစ်ယောက် မောင်းနှင်စီးနင်းလာတဲ့ ဆိုင်ကယ်ကို အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ သီလရှင် စာသင်တိုက်တစ်တိုက်က ကားက တိုက်မိတာလို့ သိရပါတယ်။

“တစ်ဖက်ကားကလည်း မီးစိမ်းကို ပြန်မနီခင် အရှိန်နဲ့ အလွတ်ဖြတ်လာတာ။ တစ်ဖက်ကလည်း ဆိုင်ကယ်က မီးစိမ်းတော့ထွက်တာမှာ တိုက်မိတာလို့တော့ မျက်မြင်တွေ့သူတွေ ပြောတာပေါ့။ ၂၅ ပေလောက်အထိကို လူတွေက လွင့်ပါသွားတာလို့ ပြောတယ်” လို့ မြေပြင်က အခြေအနေတချို့ကို MT News က ဆက်သွယ်မေးမြန်းရာမှာ အိုးဘို လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူ ညီအမနှစ်ဦးက အသက် (၄၂)နှစ်နဲ့ အသက်(၄၄)နှစ်အရွယ်‌တွေ ဖြစ်ကြပြီး ‌အမည်တွေက ဒေါ်ခင်စုနဲ့ ဒေါ်ခင်ယုလို့ သိရှိရကာ စိန်ကုန်းရပ်၊ ကားကြီးကွင်းမှာ နေထိုင်သူ‌တွေလို့လည်းသိရပါတယ်။ အမကြီးဖြစ်သူက ဆေးရုံအရောက် သေဆုံးခဲ့ပြီး ညီမဖြစ်သူက အခု ည ၇ နာရီအချိန်မှာ ကုသမှုခံယူနေစဉ် သေဆုံးတယ်လို့ သိရပါတယ်။ မဆင်မခြင် မီးပွိုင့်ဖြတ်‌ မောင်းတဲ့ ဟိုက်ဂျက်ယာဉ်မောင်းနှင်သူ အမျိုးသမီးကိုလည်း သက်ဆိုင်ရာက ယာဉ်ရော လူပါ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သေဆုံးသူ ညီအစ်မနှစ်ဦးကို စစ်ကိုင်းဆေးရုံကြီး အနောက်ဘက် ရင်ခွဲရုံဆီ အိုးဘို Rescue အသင်းက ကူညီပို့‌ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News