Myanmar Transparency News

အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းခရေပင်ဝင်တိုက်မိရာက ယာဥ်တုံးလုံးလဲပြီး ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရမှု ဖြစ်ပွား

၅. ၆. ၂၀၂၅
Written by Thettant

အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းခရေပင်ဝင်တိုက်မိရာက ယာဥ်တုံးလုံးလဲပြီး ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၇၇/၅-၆)ဖာလုံကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Toyota Hilux အမျိုးစားမီးခိုးရောင်ယာဉ်မှာ ယာဉ်မောင်းအိပ်
ငိုက်ပြီး အရှိန်မထိန်းဘဲ လမ်းလယ်ကျွန်းရှိခရေပင်အား ဝင်ရောက်တိုက်မိကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ တုံးလုံးလဲ တိမ်းမှောက်ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ယာဉ်မောင်း အမျိုးသား (၂)ဦး၊ အမျိုးသမီး(၁)ဦး ကလေးငယ် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ကလေးငယ် ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း(၄)ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါဖြစ်စဥ်ကို သွားရောက်ကူညီသည့် ဥသျှစ်ကုန်း အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင် (၁+၄)ဦး၊ ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်(၃+၁၀) ဦးတို့က ထိခိုက်ဒဏ်ရာရသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News