Myanmar Transparency News

ငွေလွှဲ ငွေထုတ်ဆိုင်ကနေ ငွေသားထုတ်ယူလာတဲ့ အမျိုးသမီးကို နောက်ကလိုက်ကာ ဓားနဲ့ခုတ်ပြီး ငွေလုယက်မှု မန္တလေးမှာ ဖြစ်ပွား

၆ .၆ .၂၀၂၅
Written by Hey Mar

ငွေလွှဲ ငွေထုတ်ဆိုင်ကနေ ငွေသားထုတ်ယူပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို နောက်ကနေလိုက်လာကာ ဓားနဲ့ခုတ်ပြီး ပိုက်ဆံလုယက်သွားတဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့ ဇွန်လ ၆ ရက် နေ့လယ် တစ်နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၇ လမ်း ၊ ၃၃လမ်းနဲ့ ၃၄ လမ်းကြားရှိ ငွေလွှဲ/ငွေထုတ်ဆိုင်တစ်ဆိုင်မှာ ငွေထုတ်ပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို ဓားနဲ့ခုတ်ကာ လုယက်သွားတာ‌ကြောင့် ထုတ်ယူလာတဲ့ ငွေသား ကျပ်သိန်း ၃၀ လုယက်ခံလိုက်ရသလို ဓားခုတ်မှုကြောင့် လက်မှာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မဏီစလ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ အမျိုးသမီးရရှိခဲ့တဲ့ ဓားဒဏ်ရာက သွေးထွက်များနေပေမယ့် မြေပြင်ပြုစုပေးကာ မဏီစလ လူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးဆေးရုံကြီးဆီ အချိန်နဲ့‌တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့လည်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News