Myanmar Transparency News

မဲဆောက်တွင် ရဲစခန်းရှေ့ကုန်စုံဆိုင်က ပစ္စည်းများဝင်ခိုးသည့် အသက်မပြည့်သေးသော မြန်မာနှစ်ဦး ဖမ်းဆီးခံရ

၇.၆.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ရဲစခန်းရှေ့က ကုန်စုံဆိုင်တစ်ဆိုင်ကိုဝင်ခိုးသည့် အသက်မပြည့်သေးသော မြန်မာနှစ်ဦးအား ဖမ်းဆီးထားကြောင်း မဲဆောက်ရဲစခန်းက ဇွန်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၃၁ ရက်က ဖြစ်ပွားခဲ့ကာ လက်ရှိတွင် မဲဆောက်ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသူနှစ်ဦးအား ခိုးမှုဖြင့် အမှုဖွင့်၍ ဥပဒေအရ ဆက်လက်အရေးယူရန် လုပ်ဆောင်နေကြောင်း သိရ သည်။

ဖြစ်ရပ်၌ မေလ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အသက် ၁၅ နှစ်အရွယ်လူငယ်နှစ်ဦးအား မဲဆောက်မြို့နယ်၊ အင်ဒရာကီးလမ်း၌ သံသယ ဖြစ်ဖွယ်တွေ့ရသောကြောင့် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးစဥ် ယင်းတို့ နှစ်ဦးထံမှ ဖုန်းအားသွင်းကြိုး Ivon 5A FAST ကြိုး၊ ဈေးနှုန်း ၇၅ဘတ်။ CATHY Doll vit c water tint နှုတ်ခမ်းနီ၊ ဈေးနှုန်း ၄၉ ဘတ်။ DIY ပန်ဒါဝက်ဝံဆံပင်တီးဝိုင်း၊ ဈေးနှုန်း ၂၇ ဘတ်။ DIY ခွေးရင်ထိုး၊ ဈေးနှုန်း ၂၅ ဘတ်။လက်ပတ်ကြိုး ၃ ချောင်း၊ စုစုပေါင်းဈေးနှုန်း ၃၇ ဘတ်။ လက်ကောက် ဆက်စပ်ပစ္စည်းများ၊ ဈေးနှုန်း ၂၃ ဘတ်။ SIBYL နားကြပ်များ၊ ဈေးနှုန်း ၃၉၀ ဘတ်။ အနက်ရောင်ပိုက်ဆံအိတ်၊ ဈေးနှုန်း ၁၀၅ ဘတ် တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆက်လက်မေးမြန်းစစ်ဆေးရာ ၎င်းတို့ နှစ်ဦးမှာ ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မဲ့ နေထိုင်သူများဖြစ်ကာ ကုန်စုံဆိုင်မှ ပစ္စည်း ခိုးယူခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ အချက်အလက်များကြောင့် ၎င်းတို့ နှစ်ဦးကို ခိုးယူမှု၊ ထိုင်းနိုင်ငံအတွင်းဝင်ရောက်၍ တရားမဝင် နေထိုင်မှုတို့ဖြင့် ဖမ်းဆီးထားကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News