Myanmar Transparency News

ရေဆင်းကူးသူ လူငယ်နှစ်ဦး ရေနစ်သေဆုံးမှု သင်္ဃန်းကျွန်းတွင် ဖြစ်ပွား

ဓာတ်ပုံ-လက်ဆယ်ကန်တွင် ၂၀၂၀ ပြည့်နှစ်က အမျိုးသားတစ်ဦးရေနစ်သေဆုံးမှုကို မီးသတ်တပ်ဖွဲ့ဝင်များ ဆယ်ယူခဲ့စဥ်

၇.၆.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းဘက်ခြမ်း၊ လက်ဆယ်ကန်(သဘာဝရေကန်)တွင် ယနေ့ ဇွန်လ ၇ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ရေဆင်းကူးသူနှစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

လူငယ်နှစ်ဦး ရေနစ်သေဆုံးသည်ကို လမ်းသွားလမ်းလာသူတစ်ဦးက သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းထံ လာရောက်သတင်းပို့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အတွင်း ရေနစ်သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ အရွယ် ကိုထွဋ်အောင်ဝင်း၊ အသက် ၁၂ နှစ်အရွယ် မောင်မင်းသစ်တို့ဖြစ်ပြီး ရုပ်အလောင်းများကို မိနစ်၂၀ ကျော်အကြာတွင်ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ၁၆/၂ရပ်ကွက်ရှိ လူမှုရေးအသင်းပိုင်ယာဥ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News