Myanmar Transparency News

ရှပ်(ဂုံး)သွားငုပ်သူများ ရေနစ်၍ သားအမိ သုံးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေမှု မြိတ်တွင် ဖြစ်ပွား

၈. ၆.၂၀၂၅
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တောင်ကျေးရွာ ၊ အဆောင်ကောင်းကုမ္ပဏီအနီးတွင် ယမန်နေ့က ရှပ်(ဂုံး)သွားငုပ်သူခြောက်ဦးရေနစ်ရာမှ သားအမိသုံးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း လူနာများကို သွားရောက်ကူညီသယ်ဆယ်ပေးသည့် အောင်မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းထံမှ သိရသည်။

သားအမိသုံးဦးအပါအဝင် လူခြောက်ဦးက ရေနက်ထဲ ရှပ်(ဂုံး)သွားငုပ်ရာမှ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ရေနစ်မြုပ်သူများကို အနီးနားတွေ့ရှိသူများက ဆယ်ယူခဲ့ရာ ယောကျ်ားလေးတစ်ဦး၊ မိန်းကလေးလေးဦးကို ဆယ်ယူနိုင်ခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။

ရေနစ်သူများကို အောင်မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းက မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရေနစ်သူများထဲမှ မိခင် ​ဒေါ်ဇာဇာချိုနှင့် သားဖြစ်သူ မောင်သော်မှူးခန့်၊ မဆောင်းသုန္ဒြေစံတို့မှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ရှပ်ငုပ်သွားကြရင်းဖြစ်တာလို့ ကြားတယ်။ သူတို့စီးလာတဲ့လှေ မြုပ်တာ။ ပင်လယ်မှာ လှေနဲ့သွားပြီး ရေနက်မှာငုပ်ရင် ရှပ်(ဂုံး)လုံးကြီးတွေရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ သားအမိ၏ရုပ်အလောင်းများကို ၅/၁၀၀ရင်ခွဲရုံသို့ ရာသက်ပန်နာရေးကူညီမှုအသင်းက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News