Myanmar Transparency News

ဆိုင်ကယ်နဲ့ လိုက်ထရက်ယာဉ် တိုက်မိရာက ဆိုင်ကယ်စီးနင်းသူ အမျိုးသားနှစ်ဦးစလုံး နေရာတင်သေဆုံးမှု ပျော်ဘွယ်မှာဖြစ်ပွား

၁၀. ၆.၂၀၂၅
Written by Hey Mar

ဆိုင်ကယ်နဲ့ လိုက်ထရက်ယာဉ်တိုက်မိရာက ဆိုင်ကယ်ပေါ်စီးနင်းလာသူ အမျိုးသားနှစ်ဦး‌ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်က မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အလင်းရောင် ပရဟိတလူငယ်အဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ နေ့လယ် ၃ နာရီခန့်မှာ ပျော်ဘွယ်မြို့မြောက်ဘက် နီလာရိုးမဆီဆိုင်အနီးမှာ လားရာတူ‌ ရှေ့က‌နေမောင်းနှင်‌နေတဲ့ ဆိုင်ကယ်ကို ကားကကျော်တက် မောင်းနှင်ရာက‌နေ တိုက်ချိတ်မိပြီး ကားနဲ့ ဆိုင်ကယ် ချိတ်လျက် အရှိန်နဲ့ ပါသွားခဲ့တာလို့ သိရပါတယ်။ အခုလို ဆိုင်ကယ်နဲ့ကား မတော်တဆဖြစ်တာကို တာဝန်သိပြည်သူတွေက ပရဟိတအသင်းထံ ဖုန်းဆက်သတင်းပေးပို့လာတဲ့အတွက် သဘာဝဘေးအန္တရာယ်လူမှုကူညီရေးနဲ့ ကယ်ဆယ်ရေး အလင်းရောင်ပရဟိတအဖွဲ့မှ အချိန်နဲ့တစ်ပြေးညီသွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့‌ရောက်တော့ နှစ်ယောက်ကတော့နေရာတင်သေဆုံးတယ်။ ဆိုင်ကယ်‌စီးလာတဲ့နှစ်ယောက်။ ဘေးကမျက်မြင်‌တွေပြောတာတော့ ဆိုင်ကယ်က ကားနဲ့ချိတ်ပြီး နှစ်ဖာလုံလောက် ပါသွားတာ။ ကားကလည်း အရှိန်နဲ့ လမ်းဘေးထိုးကျသွားတယ်။ ကားပေါ်က ပါတဲ့ သုံးလေးဦးလည်း ဒဏ်ရာရလို့ ဆေးရုံ ပို့ရပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။

သေဆုံးသူနှစ်ဦးမှာ အသက်နှစ်ဆယ်ကျော် လူငယ်တွေ ဖြစ်ပြီး ပျော်ဘွယ်မြို့နယ်၊ ဧကရာဇ်ကုန်းအုပ်စု၊ ရေလယ်ကွေ့ကျေးရွာသားနှစ်ဦးလို့ သိရပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ‌‌တွေနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ပျော်ဘွယ်ပြည်သူ့ဆေးရုံ (ရင်ခွဲရုံ)သို့ ပို့ဆောင်‌ပေးခဲ့ပြီး မနက်ဖြန် ဇွန်လ ၁၁ ရက်မှာတော့ သင်္ဂြိုဟ်နိုင်ဖို့အတွက် သူတို့ရွာကို အလင်းရောင်ပရဟိတအသင်းကပဲ ပြန်လည်ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News