Myanmar Transparency News

ဆေးခန်းပြမည့်သူလိုက်ပါလာသော လိုက်ထရပ်ယာဥ်ကို ကိုယ်ပိုင်ယာဥ်တစ်စီး ဝင်တိုက်ရာမှ နှစ်ဦးသေဆုံးမှု မအူပင်တွင် ဖြစ်ပွား

၁၅.၆.၂၀၂၅
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊မင်းလမ်းမပေါ် (စျေးလမ်းထောင့်)တွင် ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၈ နာရီခန့်က ဆေးခန်းပြမည့်သူလိုက်ပါလာသည့် လိုက်ထရပ်မော်တော်ယာဥ်ကို FORD Ranger အမျိုးအစား ကိုယ်ပိုင်ယာဥ်တစ်စီးက ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

“ဆေးခန်းပြမယ့်သူတွေ လိုက်လာတဲ့ လိုက်ထရပ်ယာဥ်က ပန်းတနော်က မအူပင်မှာ ​ဆေးခန်းလာပြတာ။ ဖို့ဒ့်ရိန်းဂျားကားက စျေးလမ်းကနေ မင်းလမ်း​ပေါ်တက်လာချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ ကားက ညောင်ပင်နဲ့ နတ်နန်းကြားထဲ ညပ်သွားတာ။ လူတွေလည်း ထိကုန်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ငါးဦးမှာဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မအူပင်​မြို့ခံ လူမှုကူညီရေးအသင်းများက မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News