Myanmar Transparency News

အခြေခံလူတန်းစား အိမ်ခြေမဲ့တွေ တိုးလာတဲ့ ကျောက်စိမ်းမြေ လုံးခင်းကျေးရွာမှာ အခမဲ့ကုသစရာဆေးရုံက အုတ်ပုံသာကျန်လို့ သေပြီအထင်နဲ့ မသေဘဲ လမ်းဘေးလဲကျနေသူကို ဇရပ်မှာ ပြုစုပေးရ

၁၆.၆.၂၀၂၅
Written by Hey Mar

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ ဇွန်လ ၁၄ ရက်နေ့က သေနတ်ဒဏ်ရာရရှိထားတဲ့ အမျိုးသားလူရွယ်တစ်ဦးကို ပရဟိတအသင်းသားတွေက ပြုစုကုသပေးထားလို့ ညနေပိုင်းမှာတော့ ထိုင်လျက် ရေထသောက်နိုင်တဲ့အထိ အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဒဏ်ရာရရှိသူကို သေဆုံးနေပြီအထင်နဲ့ တာဝန်သိပြည်သူတွေက ဒေသခံပရဟိတ အသင်းထံ အကြောင်းကြားခဲ့တာပါ။ ဒဏ်ရာနဲ့ လဲနေသူမှာ စေတနာ့ဝန်ထမ်းတွေ ရောက်ရှိချိန် အသက်မသေသေးဘဲ သတိလစ်မေ့မြောနေသလို ရရှိထားတဲ့ ဒဏ်ရာတွေက သေလောက်တဲ့ နေရာတွေ ထိမှန်ထားတာမဟုတ်‌ပေမယ့် သွေးထွက်တော့ များနေခဲ့တယ်လို့ လူမှုကူညီရေး အသင်းသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ အသင်းသားက “လုံးခင်းပြည်သူ့ဆေးရုံက ဖျက်ဆီးခံထားရတယ်။ ဘယ်သူ‌တွေလုပ်တယ်ဆိုတာလဲ နယ်ခံတွေ အကုန်သိတယ်။ ကျွန်တော်တို့မှာ နှစ်ဖက်ကြား အဆင်ပြေအောင် ပြည်သူကို ကူညီနေရတာပါ။ ပို့စရာ ဆေးရုံမရှိဘူး။ လက်မခံရဲဘူး။ သူ့အခြေအနေကို လိုအပ်သလို ပြုစုပေးပြီး စောင့်ကြည့်နေရတာပဲ။ အခြေအနေကောင်းလာလို့ ဝမ်းသာစရာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

လုံးခင်း ပြည်သူ့ဆေးရုံကို နွေဦးတော်လှန်ရေးအစ ၂၀၂၁ ကတည်း CDM လှုံ့ဆော်မှုတွေနဲ့အတူ အနည်းငယ်သာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စွန့်ပစ်ခဲ့ကြပြီး အခုချိန်မှာမူ ဆေးရုံအဆောက်အဦက အုတ်ပုံသာသာပဲ ကျန်ရှိနေကာ ဆေးရုံပရိဝုဏ်အတွင်း ကျူးကျော် အဆောက်အဦတွေလည်း ဝင်ရောက်ဆောက်လုပ်ထားကြကြောင်း ဒေသခံ တချို့ထံကနေ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News