Myanmar Transparency News

လှည်းကူးတွင် ဆိုင်ကယ်ကယ်ရီနေရာလုမှုကို မကျေနပ်၍ အငြိုးထားရာမှ လူသတ်မှုဖြစ်ပွား

၁၇. ၆.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ သာသနာ့ ရိပ်သာရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၊ ရုံးဟောင်းလမ်းထိပ်တွင် အမျိုးသားတစ်ဦးကို ယခင် ဆိုင်ကယ်နေရာလုသည့်ကိစ္စဖြင့် မကျေနပ်၍ အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခုတ်သဖြတ်သည့် လူသတ်မှု ဇွန်လ ၁၅ရက် နံနက်ပိုင်းက ဖြစ်ပွားခဲဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်တွင် ရုံးဟောင်းလမ်းထိပ်၌ ဘေးတွဲဆိုင်ကယ်ဖြင့် ကယ်ရီဆွဲရန် ခရီးသည်စောင့်ဆိုင်းနေသော ကိုဝေယံဦးအား ယခင်ရန်ငြိုးရှိသူ အောင်သက်ပိုင်ဦး(ခ) ဆင်ကြီးနှင့် နန္ဒာလင်းထက်တို့က ဓားမြှောင်၊ဓားရှည်တို့ဖြင့် ထိုးခုတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဓားထိုးခံရသူ ကိုဝေယံဦး၏ ခါးညာဘက်​​ခြမ်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ညာဘက်နံရိုးကြားထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်ထိုးသွင်းဒဏ်ရာတစ်ချက် တို့ရရှိသ​ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

“ဓားနဲ့ထိုးတဲ့သူတွေက ဓားနဲ့ထိုးခံရတဲ့သူရဲ့အမေက လာဖြန်ဖြေနေတာတောင် ရန်ရှာနေတာ။ ဓားနဲ့ထိုး​ပြီးကတည်းက ထွက်ပြေးကြတာ။ ဖမ်းလို့တော့မမိသေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။

ဓားဖြင့်ထိုးကာ ထွက်ပြေးနေသော အောင်သက်ပိုင်ဦး(ခ)ဆင်ကြီးနှင့် နန္ဒလင်းထက်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် လှည်းကူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News