Myanmar Transparency News

ရန်ကုန်မြို့မှ မြဝတီသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၃ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းမိ

MT News
၁၈. ၆. ၂၀၂၅

ရန်ကုန်မြို့မှ မြဝတီသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၃ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဝေါမြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မြို့မှ ဘားအံသို့ ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုး လိုက်ပါလာသော မှန်လုံယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်းအား ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွားကားလမ်းတွင် GRAND STAREX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News