Myanmar Transparency News

အသက် ၆၀ ခန့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို စစ်တပ်သတင်းပေးဟု စွပ်စွဲကာ သာယာဝတီ PDF သတ်ဖြတ်

၂၂. ၆. ၂၀၂၅
Written by Nay Moe

အသက် ၆၀ ခန့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို စစ်တပ်သတင်းပေးဟု စွပ်စွဲကာ သာယာဝတီ PDF အဖွဲ့ဖြစ်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် PDF များက ယနေ့ဝန်ခံသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးအုပ်စု၊ မှန်ပင်ထူးရွာနေ အသက် ၆၀ ခန့်အရွယ် ကိုမိုးဆိုသူအား စစ်တပ်သတင်းပေးဟုဆိုကာ ဇွန်လ ၂၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ဖမ်းဆီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

ကိုမိုးသည် PDF များ၏ သွားလာလှုပ်ရှားမှုများအား ဖုန်းဖြင့်မှတ်တမ်းရိုက်ယူကာ တပ်ထံ ပေးပို့ခြင်း၊ ဒေသခံ လူငယ်များအား PDF များဟုဆိုကာ မမှန်သတင်းပေး၍ ဖုန်းဆက်တိုင်ကြားခြင်း၊ ဒေသခံပြည်သူများအား တပ်နှင့်ပေါင်းကာ အနိုင်ကျင့်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း ပြည်သူများ တိုင်ကြားလာသောကြောင့် စိစစ်အတည်ပြုကာ အရေးယူခဲ့ခြင်း ဖြစ်သည်​ဟု ကျူးလွန်သည့် သာယာဝတီ PDF တို့က ဆင်ခြေပေးသော်လည်း သက်သေထုတ်ပြနိုင်ခြင်းမရှိသလို MT News ကလည်း ထိုစွပ်စွဲချက်များ မှန် မမှန် မြေပြင် အတည်မပြုနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News