Myanmar Transparency News

အသက် ၆၅ နှစ်အရွယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်ကို ပဲခူး PDF သုံးဦးက လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဓားဖြင့်ထိုးခုတ် သတ်ဖြတ်

MT News

၂၂. ၆. ၂၀၂၅
Written by Nay Moe

အသက် ၆၅ နှစ်အရွယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်ကို ပဲခူး PDF သုံးဦးက လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဓားဖြင့်ထိုးခုတ် သတ်ဖြတ်မှု အုတ်တွင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ သရက်တောကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းမြင့်(၆၅)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF သုံးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဦးဝင်းမြင့်အား လက်ပြန်ကြိုးတုပ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ သရက်တောကျေးရွာအနောက်ဘက် သုံးဖာလုံခန့်အကွာ အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈ မိုင် ၂ ဖာလုံအနီးအရောက်၌ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းမြင့်တွင် ဓားဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News