Myanmar Transparency News

ဗန်းမော်မြို့သိမ်းရင်း မွေးနေ့မတိုင်ခင် တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ KPDF ကို ဒီနေ့ သူ့မွေးနေ့မှာ အသုဘချ

၂၃. ၆. ၂၀၂၅
Written by Nay Moe

ဗန်းမော်မြို့သိမ်းရင်း မွေးနေ့မတိုင်ခင်တစ်ရက်က တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ KPDF တပ်သားကို ဒီနေ့ သူ့ မွေးနေ့မှာ အသုဘချခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင် KPDF တပ်ရင်း (၁) PD-5976 တပ်သား အောင်ကျော်မိုးဟာ ဇွန်လ ၂၂ ရက်က ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျည်ထိမှန်သေဆုံးသွားတာဖြစ်ပြီး ဒီနေ့ ဇွန်လ ၂၃ ရက်ကတော့ အောင်ကျော်မိုးရဲ့ ၂၃ နှစ်ပြည့်ဖြစ်ကာ ဒီနေ့မှာပဲ သူ့အသုဘ မြေချခဲ့တာပါ။

“Happy birthday ပါ ညီလေးရာ။ မွေးနေ့တဲ့ မခမ်းနားလိုက်တာ။ ဒီနေ့ မင်းမွေးနေ့မှာ မင်းကို မွေးနေ့ကျင်းပပေးရမဲ့အစား အကို မင်းကိုမြေချခဲ့ရတာ နာရတယ်ညီရာ”လို့ KPDF လက်နက်ကိုင် ထက်အောင်ကျော်က အောင်ကျော်မိုးကို Tag ပြီး ဝမ်းနည်းနေပါတယ်။

ဗန်းမော်မြို့ကို KIA နဲ့ KPDF တွေ သိမ်းနေတာ ၇ လထဲရောက်လာနေပြီဖြစ်ပြီး မြို့ကလည်း ၈၀ ရာခိုင်နှုန်းလောက်ပျက်နေပြီဖြစ်သလို မြို့ထဲလည်း ပြည်သူမရှိတော့ဘဲ KIA နဲ့ KPDF တွေပဲရှိနေလို့ ဖောက်ထွင်းမှုတွေလည်း ဖြစ်ပွားနေပြီး ဒီလို မခိုးဖို့ ရေးထားတဲ့အိမ်တစ်အိမ်ရှေ့လည်း အောင်ကျော်မိုးမသေခင် ဇွန်လ ၂ ရက်က လက်နက်နဲ့အတူ ဓာတ်ပုံရိုက်ထားတာလည်း မြင်ရပါတယ်။

မူရင်းသတင်း — Myanmar Transparency News