Myanmar Transparency News

ယွန်းဘုရားပြုပြင်ရန် သယ်ယူလာသည့် ဘိလပ်မြေအိတ်များနှင့် ကားအပြင် ရွှေနန်းတော်ပဲကြော်လုပ်ငန်းသုံးရန် သယ်လာသည့် ဆီပုံးများကိုပါ ရေစကြို PDF လုယက် သိမ်းဆည်း

၂၅. ၆. ၂၀၂၅
Written by Nay Moe

ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာရှိ ယွန်းဘုရားပြုပြင်ရန် သယ်ယူလာသည့် ဘိလပ်မြေအိတ်များနှင့် ကားအပြင် ရွှေနန်းတော်ပဲကြော်လုပ်ငန်းသုံးရန် သယ်လာသည့် ဆီပုံးများကိုပါ ရေစကြို PDF အဖွဲ့က လုယက် သိမ်းဆည်းလိုက်သည်ဟု ကျူးလွန်သည့် Southern YSO PDF အဖွဲ့က ဝန်ခံထားသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာဦးရှိ ယွန်းကျောင်းဘုရားစေတီတော်ကြီးသည် ငလျင်ဒဏ်ကြောင့် ပြိုကျသွား၍ ပြန်လည်တည်ထားကိုးကွယ်နိုင်ရန် ဆင်ချောင်းစံပြကျေးရွာ ဒါယကာ ၊ ဒါယိကာမများမှလှူဒါန်းမည်ဖြစ်ပါသည့်အတွက်ကြောင့် လိုအပ်သည့်ဘိလပ်မြေ အိတ် ၂၅၀ အပါအဝင် လိုအပ်သည့်ပစ္စည်းများအတွက် ကနဦး ဘိလပ်​မြေများကို ဇွန်လ ၂၃ ရက်က ကားဖြင့်သယ်ယူလာချိန် Southern YSO PDF အဖွဲ့က ဘိလပ်မြေများနှင့် ကားကိုပါ လုယက်သိမ်းယူလိုက်သည်။ ထိုသို့ သိမ်းယူခြင်းမှာ သယ်လာသည့် ဘိလပ်မြေများမှာ ဘုရားတည်ရန်မဟုတ်ဘဲ ဆင်ချောင်းအုပ်ချုပ်ရေးမှူးဦးလင်းထင်၏ တပည့် ဦးတင်မိုးဆိုသူ ပြည်သူ့စစ်နေအိမ် တည်ဆောက်ရန်လုပ်ဆောင်ခြင်းကြောင့်ဟု Southern YSO PDF အဖွဲ့ခေါင်းဆောင် အောင်မောင်းက Telegram တွင် အကြောင်းပြချက် ပေးထားသည်။

ထိုနည်းတူ ရေစကြိုမြို့၊ အမှတ်(၈)စိတ္တသုခရလမ်းနေ ဦးဝင်းချို၏ “ရွှေနန်းတော်” ပဲကြော်ဖိုလုပ်ငန်းသုံးရန် စားအုန်းဆီ ၁၀ ပိဿာပုံး ၇၀ အပါအဝင် ဆီပုံး ၁၀၀ ကိုလည်း ဆင်ချောင်းရွာအုပ်ချုပ်ရေးမှူးဦးလင်းထင်က ဘိလပ်မြေအိတ်များနှင့် ဘိလပ်မြေတင်လာသည့်ကား ရေစကြို PDF များ လုယက်သွားကြောင်း တိုင်ကြားသည့်အတွက် ထိုနေ့တွင်ပင် ထပ်မံ သိမ်းယူလိုက်သည်ဟု အောင်မောင်းကပင် ရေးသားထားသည်ကို တွေ့ရသည်။

မူရင်းသတင်း — Myanmar Transparency News