Myanmar Transparency News

ယာဥ်ရပ်တန့်ပြုပြင်နေသော ရွှေလွန်းပျံခရီးသည်တင်ယာဥ်ကို မန္တလာမင်းခရီးသည်တင်ယာဥ် ဝင်တိုက်သဖြင့် ခရီးသည်များအပါအဝင် ၁၀ ဦးဒဏ်ရာရမှု အမြန်လမ်းတွင် ဖြစ်ပွား

၂၆.၆.၂၀၂၅
Written by KL

ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀/၄ နှင့် ၇၀/၅ အကြားတွင် ဇွန်လ ၂၆ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ခန့်က စက်ချို့ယွင်း၍ ရပ်တန့်ပြုပြင်နေသော ခရီးသည်တင်ယာဥ်ကို အ​ခြားသောခရီးသည်တင်ယာဥ်တစ်စီးက ဝင်တိုက်ခဲ့သဖြင့် ယာဥ်နောက်လိုက်အပါအဝင် ခရီးသည် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။

ဖြစ်စဥ်တွင် ခရီးသည်မပါသည့် ရွှေလွန်းပျံခရီးသည်တင်ယာဥ်မှာ ရုတ်တရက် စက်ချို့ယွင်း၍ အနှေးယာဥ်ကြောပေါ် ရပ်တန့်ပြုပြင်နေစဥ် လားရာတူမှ လာသည့် အမျိုးသား ၅ ဦး အမျိုးသမီး ၂၂ ဦး စုစုပေါင်း ခရီးသည်၂၇ ဦးလိုက်ပါလာသော မန္တလာမင်း ခရီးသည်တင်ယာဥ်က အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ခရီးသည်တင်ယာဥ်နှစ်စီးတိုက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် မန္တလာမင်း ယာဥ်နောက်လိုက်မှာ ဦးခေါင်းထိပ်ပေါက်ပြဲ၊ ညာဒူးပွန်းပဲ့ဒဏ်ရာ၊ ညာခြေကျင်းဝတ်ကျိုးဒဏ်ရာတို့ ရရှိကာ အသက်အန္တရာယ်စိုးရိမ်ရပြီး ကျန်ခရီးသည်များဖြစ်သော အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် ၉ ဦးမှာ ပေါင်ကျိုးသည့်ဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ခရီးသည်တွေက ပြင်ဦးလွင်ကပါ။ အသက် ၅၈ နှစ်အရွယ်ခရီးသည်အမျိုသမီးကြီးတစ်ယောက်တော့ ရှေ့သွားတစ်ချောင်းကျိုးတယ်။ အသက် ၆၅ နှစ်အရွယ်အဘိုးအိုတစ်ယောက်လည်း ညာဘက်ပေါင်ကျိုးသွားတယ်။ ကျန်တဲ့ လူနာတွေကတော့ ရင်ဘက်အောင့်တဲ့သူ၊ ပေါက်ပြဲဒဏ်ရာတွေ၊ ခေါင်းမူးတာတွေဖြစ်ကြတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒဏ်ရာရရှိသူများကို ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှု​ကြောင့် ရွှေလွန်းပျံယာဥ်နောက်ပိုင်းနှင့် ယာဥ်ဘယ်ဘက်ခြမ်းပိန်ချိုင့်ကာ ရေတိုင်ကီကွဲအက်ခဲ့ပြီး မန္တလာမင်းမော်တော်ယာဥ်တွင် အရှေ့လေကာမှန်ကွဲ၍ ခေါင်းပိုင်းတစ်ခုလုံး ပိန်ချိုင့်ပျက်စီးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News