Myanmar Transparency News

ကျောင်းအုပ်ဆရာကြီးအပါအဝင် ကျောင်းဆရာ သုံးဦး ထမင်းစားနေစဉ် PDF များက သေနတ်ဖြင့် ဝင်ပစ်၍ တစ်ဦးသေဆုံးခဲ့မှု နေပြည်တော်တွင်ဖြစ်ပွား

၂၈.၆.၂၀၂၅
Written By Zun

ကျောင်းအုပ်ဆရာကြီးအပါအဝင် ကျောင်းဆရာ သုံးဦး ထမင်းစားနေစဉ် PDF များက သေနတ်ဖြင့် ဝင်ပစ်၍ တစ်ဦး သေဆုံးခဲ့မှု နေပြည်တော်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၂၅ ရက် ည ၁၀ နာရီခန့်က ပျဉ်းမနားမြို့နယ် အလယ်ချောင်း(အောက်) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်တာ၊ မူလတန်းပြဆရာ ဦးနေဝင်းထွန်းနှင့် ဦးလှိုင်မင်းထွန်းတို့ သုံးဦးမှာ ကျောင်းဝင်းအတွင်းရှိ လိုင်းခန်းတွင် ထမင်းစားနေစဉ် PDF ၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“PDF နှစ်ယောက်က ဝင်လာတာ။ ပြီးတော့ ဆရာတွေကို သေနတ်နဲ့ ပစ်တာ။ မူလတန်းပြဆရာလေး ဦးနေဝင်းထွန်းက ဒဏ်ရာရပြီးတော့ အဲဒီနေရာမှာ သေတယ်။ နောက်ထပ် မူလတန်းပြဆရာ ဦးလှိုင်မင်းထွန်းမှာ ဒဏ်ရာတွေ ရတယ်။ပျဉ်းမနား ဆေးရုံကို ပို့ထားရတာပေါ့။ အခု သက်ဆိုင်ရာက စုံစမ်းနေတယ်။ အတွင်းလူတွေ ပါ နေတယ်။ပျဉ်းမနားမှာလည်း အနီတွေ ရှိတယ်လေ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။

ကွယ်လွန်သူ ဆရာဦးနေဝင်းထွန်းကို ဇွန်လ ၂၇ ရက် နေ့လယ် ၂ နာရီက ကွေ့ကြီးသုသာန်တွင် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။

ယခုအခါ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသည့် ယင်း အမည်မသိ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာက ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News