Myanmar Transparency News

ဆိုင်ကယ် ကယ်ရီသမားတစ်ဦး လုယက်သတ်ဖြတ်ခံရကာ အလောင်းစွန့်ပစ်ခံထားရမှု ကော့သောင်းတွင် ဖြစ်ပွား

MT News

၂၉.၆.၂၀၂၅
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊၁၀ မိုင်ကျေးရွာအုပ်စု၊ ချမ်းဖန်းရွာရှိ ဥယျာဉ်ခြံတစ်ခုတွင် ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ဆိုင်ကယ်ကယ်ရီသမားတစ်ဦး လုယက်ခံရကာ အသတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးမှာ ကယ်ရီဆွဲသူ တစ်ဦးလည်းဖြစ်ပြီးလွန်ခဲ့သော သုံးရက်ခန့်က ကယ်ရီလိုက်သွားရာမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသော အမျိုးသားကြီး၏
ရုပ်အလောင်းကို ဥယျာဥ်ခြံလုပ်ကိုင်သူတစ်ဦးက စတင်တွေ့ရှိခဲ့သဖြင့် ဒေသခံပရဟိတအသင်းကို ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

MT News

“ဆိုင်ကယ် ကယ်ရီလိုက်ရင်းက ပျောက်သွားတာ။ သူ့အလောင်းပြန်တွေ့တော့ ဒဏ်ရာတွေလည်းများတယ်။ ဆိုင်ကယ်တော့ပြန်မတွေ့တော့ဘူး” ဟု ရုပ်အလောင်းသွားရောက်သယ်ယူရာတွင် ပါဝင်သူတစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့က အဖွဲ့ဝင်များက သွားရောက်သယ်ဆောင်ခဲ့ပြီး ၂ မိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင်းရှိ ဆိုင်ကယ် ကယ်ရီသမားများအနေဖြင့် လုယက်မှု၊ အသတ်ခံရမှုများ မကြုံတွေ့နိုင်စေရန် လူပြတ်သော ခရီးဝေးများကို သွားလာရာတွင် အထူးသတိထားရန် လိုအပ်​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၂၈ ရက် နံနက်ပိုင်းကလည်း မြိတ်မြို့ တောင်နယ်မြေ၊ တိုးချဲ့ရပ်ရှိ လှသီရိတည်းခိုခန်းတွင် အသက် ၂၅နှစ်အရွယ် တည်းခိုခန်းအလုပ်သမား‌တစ်ဦး ဓားဒဏ်ရာအချက် ၂၀ ကျော်ဖြင့် အသတ်ခံရမှုလည်း ဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News