Myanmar Transparency News

ထိုင်းအလုပ်ရှင်အား ရက်စက်စွာ သတ်ဖြတ်လုယက်မှု သံသယတရားခံအဖြစ် ကရင်ဒုက္ခသည်နှစ်ဦးကို ထိုင်းရဲ ဖမ်းဆီး

၃၀. ၆. ၂၀၂၅
Translated by Thettant

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မယ်ချမ်ခရိုင်တွင် ထိုင်းအလုပ်ရှင်ကို သတ်ဖြတ်လုယက်သည့်တရားခံဟု ယူဆရပြီး မယ်ဟောင်ဆောင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ထပ်မံ ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက်နေ့က မယ်ဆုခ်ခရိုင်ခွဲ၊ ဘန်မယ်စာတွတ်တိုင်းရှိ တောင်ပေါ်ဥယျာဉ်တစ်ခုတွင် လူသတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့မှုအရ ရဲမှူးကြီး စတီချိုင်း နစ်ဝမ် ဦးဆောင်သော မယ်ချမ်ရဲစခန်းမှ ရဲအရာရှိများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ရာ ချင်းမိုင်မြို့ခံ အသက် ၅၇ နှစ်အရွယ် ဘွမ်ချွေး၏ ရုပ်အလောင်းကို ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်။ သွေးစွန်းနေသော သစ်သားတုံးတစ်ခုကိုလည်း အနီးအနားတွင် တွေ့ရှိခဲ့ပြီး သေဆုံးသူ၏ အနီ-အနက်ရောင် Honda Wave မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့မှာ ပျောက်ဆုံးနေခဲ့သည်။

ထို့အတူ ​သေဆုံးသူ၏ ကရင်အလုပ်သမားနှစ်ဦးကလည်း ပျောက်ဆုံးနေသဖြင့် ကနဦးတွင် မြန်မာဒုက္ခသည်နှစ်ဦးကို လူသတ်၊ လုယက်မှုဖြစ်စဥ်၏ သံသယရှိသူများအဖြစ် ဖော်ထုတ်ခဲ့သည်။

ထို့နောက် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် စုံစမ်းစစ်ဆေးသူများသည် မြန်မာနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် ဒုက္ခသည် ချိုကလားလေး (Cho Kalale) မယ်ဟောင်ဆောင်ပြည်နယ်၊ ဆွပ်မိုအိုင်ခရိုင်၊ ဘန်မယ်လာမာလောင်းရှိ ယာယီခိုလှုံရာစခန်းတစ်ခုတွင် ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့သည်။ ထိုနည်းတူ အလုပ်ရှင်ကို သတ်ဖြတ်အပြီး ခိုးယူခံရသော မော်တော်ဆိုင်ကယ်ကိုလည်း ရဲအရာရှိများက သိမ်းဆည်းရမိခဲ့သလို သံသယရှိသူအား တရားဥပဒေလုပ်ထုံးလုပ်နည်းများအရ မယ်ချမ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

ယင်းမတိုင်မီ ဇွန်လ ၂၈ ရက်နေ့ကလည်း ဘန်မယ်လာအူအန်ရှိ မယ်လာအူအန်ခိုလှုံရာစခန်းမှ သံသယတရားခံ အခြား ကရင်ဒုက္ခသည်တစ်ဦးဖြစ်သည့် အသက် ၂၀ နှစ်အရွယ် ချိုချေပေါ်(Cho Chaepor) ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးမှုများတွင် ဆွပ်မိုအိုင်ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃၆၀၂ နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပါဝင်ခဲ့ပြီး စုံစမ်းစစ်ဆေးသူများက သံသယရှိသူနှစ်ဦးစလုံးသည် ၎င်းတို့၏ ဒုက္ခသည်စခန်းများမှ တရားမဝင် ထွက်ခွာပြီး စိုက်ပျိုးရေးလုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။

လူသတ်၊ လုယက်မှု၏ အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သံသယရှိသူနှစ်ဦးကို နောက်ထပ် စစ်ဆေးမေးမြန်းမှုများနှင့် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် မယ်ချမ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Ref, Thaiger

မူရင်းသတင်း — Myanmar Transparency News