Myanmar Transparency News

ကော့သောင်းပကဖအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူတစ်ဦးကို သတင်းပေး၊ ဒလန်စွပ်စွဲကာ တစ်နေ့တည်း သတ်ဖြတ်

MT News

၄. ၇. ၂၀၂၅

Written by Nay Moe

NUG လက်အောက်ခံ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကော့သောင်းမြို့နယ် ဆိပ်ဖူးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်မှ ပြည်သူတစ်ဦးကို သတင်းပေး၊ ဒလန်စွပ်စွဲကာ တစ်နေ့တည်း သတ်ဖြတ်လိုက်သည်ဟု ဝန်ခံလာသည်။

ဖြစ်စဉ်တွင် ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်ရှိန်(ခ)ချောကလက်(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ကော့သောင်းပကဖမှ PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်ရှိန်(ခ)ချောကလက်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MT News

အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှနိုင်(၅၉)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ ဆိပ်ဖူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအနီး လမ်းဆုံ၌ရှိနေစဉ် ဦးမြင့်ရှိန် (ခ) ချောကလက်ကို သတ်ဖြတ်ခဲ့သည့် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှနိုင်သည်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်မှုအပေါ် ကော့သောင်းပကဖက အုပ်ချုပ်ရေးမှူး ဦးလှနိုင်သည် အစိုးရယန္တရားတွင် ပါဝင်နေသော သတင်းပေးထောက်တိုင်ဖြစ်ကြောင်း၊ ဦးမြင့်ရှိန် (ခ) ချောကလက်သည် သတင်းပေးလုပ်သည့်အပြင် မူးယစ်ဆေးပါရောင်းချသည်ဟု စွပ်စွဲထားသော်လည်း ထိုစွပ်စွဲချက်များအတွက် သက်သေမပြနိုင်သလို MT News ကလည်း မြေပြင်အတည်မပြုနိုင်ဘဲ NUG လက်အောက်ခံ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အချိန်တိုအတွင်း လူ ၂ ဦးကို တရားလက်လွတ်သတ်ဖြတ်ကြသည့် PDF များ၏ လုပ်ရပ်ကိုသာ ယင်းတို့၏ ဝန်ခံချက်အရ သတင်းဖော်ပြခြင်းဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News