Myanmar Transparency News

ဟားခါးမြို့နေချင်းလူငယ်များ စစ်သင်တန်းမတက်မနေရအပြင် မြို့နယ်အပြင် မထွက်ခွာဖို့ ချင်းလက်နက်ကိုင် CDF ဟားခါးဗဟိုကောင်စီ ထုတ်ပြန်လိုက်ပြီး ပြည်ပရောက်ဟားခါးချင်းတစ်ယောက် ဒေါ်လာ ၁၀၀၀ ထည့်ဖို့ပါ အမိန့်ပေး

၄. ၇. ၂၀၂၅

Written by Nay Moe

ဟားခါးမြို့နေချင်းလူငယ်များ စစ်သင်တန်းမတက်မနေရအပြင် မြို့နယ်အပြင် မထွက်ခွာဖို့ ချင်းလက်နက်ကိုင် CDF ဟားခါးဗဟိုကောင်စီက Chinland Defence Force- Hakha ရဲ့ Page ကတစ်ဆင့် ထုတ်ပြန်လိုက်ပြီး ပြည်ပရောက်ဟားခါးချင်းတစ်ယောက်ကို ဒေါ်လာ ၁၀၀၀ စီ ဒီနှစ်အတွက် ထည့်ဖို့ပါ အမိန့်ပေးလိုက်ပါတယ်။

ဇူလိုင် ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး ချင်းဘာသာနဲ့ ဖော်ပြထားတဲ့ ချင်းလက်နက်ကိုင်  CDF ဟားခါးဗဟိုကောင်စီ အမိန့်ထုတ်ပြန်ချက်အပြည့်အစုံမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကစပြီး ဟားခါးမြို့နယ်အတွင်း မွေးဖွားသူ၊ နေအိမ်အခြေတကျနေထိုင်သူ ချင်းလူငယ်အားလုံး လိုက်နာရမယ့်အမိန့်လို့ ဖော်ပြထားပြီး ချင်းလူငယ်အားလုံး ဘယ်သူမဆို ဟားခါးမြို့နယ်ပြင်ပမထွက်ခွာဖို့နဲ့ ထွက်ခွာဖို့ကြိုးပမ်းသူတွေကို ဂိတ်ကနေပြန်လှည့်ခိုင်းမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ချင်းလူငယ်အမျိုးသားအားလုံးဟာ အချိန်ပြည့်စစ်မှုထမ်းမဟုတ်ရင်တောင် ဟားခါးမြို့နယ် အရန်တပ်ဖွဲ့သင်တန်းတက်ရမှာဖြစ်ပြီး နွေဦးတော်လှန်ရေးအတွင်း မီဇိုရမ်နဲ့ ပြည်တွင်းအခြားမြို့တွေ ရောက်ရှိနေတဲ့ ချင်းလူငယ်အမျိုးသားအားလုံး ဟားခါးမြို့နယ်ဆီ ဒီနှစ် ဇူလိုင်လမကုန်ခင် ပြန်လာကြဖို့လည်း အမိန့်ပေးထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလမှာ နိုင်ငံခြားရောက်ရှိသူ ဟားခါးချင်းအားလုံး ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ရန်ပုံငွေထည့်ဝင်ကြရမယ်လို့လည်း ချင်းလက်နက်ကိုင် CDF ဟားခါးဗဟိုကောင်စီက အမိန့်စာထုတ်ပြန်ထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News