Myanmar Transparency News

ဝါဆိုလပြည့်နေ့က ဘုရားထီးတင်ပွဲသွားတဲ့အမျိုးသားကြီးတစ်ဦး ဆိုင်ကယ် ရိုက်နှက် လုယက်ခံရလို့ ဒီနေ့လယ်မှာ ကွယ်လွန်သွားတဲ့ ဖြစ်စဉ် မန္တလေးမှာ ဖြစ်ပွား

၁၀.၇.၂၀၂၅
Written by Hey Mar

ဝါဆိုလပြည့်‌နေ့ မနက်ပိုင်းက ရွှေကူကြီးဘုရားထီးတင်ဖို့အသွား လမ်းမှာ ဆိုင်ကယ်ရိုက်နှက်လုယက်ခံရလို့ အသက် ခုနစ်ဆယ်‌ကျော် အမျိုးသားကြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အပိုင်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တချို့ထံကနေ သိရပါတယ်။

‌‌သေဆုံးသူက အသက် ၇၂ အရွယ် ဦးသိန်းဦးဆိုသူဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် တမာတန်းနားမှာ ဓား၊ တုတ် စတာနဲ့ ရိုက်ခုတ်လုယက်ခံရဖွယ်ရှိပြီး ဒီနေ့ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းမှာတော့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်တယ်လို့ သိရပါတယ်။
‌


သေဆုံးသူရဲ့ သမီးဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူမ ဖခင်မှာ ရောဂါတွေလည်းရှိကြောင်း၊ အသက်အရွယ်လည်း ကြီးရင့်ပြီဖြစ်ကြောင်း၊ ဒီလို ကလစ်ဆိုင်ကယ်တစ်စီးအတွက်နဲ့ သူမအဖေ အသက်ကိုပေးလိုက်ရ‌ကြောင်း၊ ရိုးရိုးတန်းတန်းလုလည်းပေးမှာဖြစ်‌ကြောင်း၊ အခုလို လုယက်သူတွေကြောင့် သူမအဖေ အသက်ဆုံးရှူံးလိုက်ရသလို သူမ ဘဝတစ်ခုလုံးလည်း ဆုံးရှူံးသွားရပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း မန္တလေး ကျောက်ဆည်လမ်းမှာ လူငယ်တစ်ဦး ရိုက်နှက် လုယက်ခံရပြီး သင်္ချိုင်း‌ဘေး ပစ်ထားခံရကာ သူဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ရုတ်တရက် မမှတ်မိလို့ လူမှုကူညီရေးအသင်းက တာဝန်ယူ‌ ခေါ်ဆောင် စောင့်ရှောက်ထားစဉ် အဆိုပါ လူငယ်မှာ ဆိုင်ကယ်နဲ့ ဖုန်း ရိုက်နှက်လုယက်ခံရလို့ အခုလို အခြေအနေဖြစ်ပွားခဲ့တယ်ဆိုတာကို နောက်ပိုင်းမှာ လူမှုကူညီရေးအသင်းက သိရှိခဲ့ရလို့ သက်ဆိုင်ရာ‌ကို အကြောင်းကြားပြီး မိဘလက် ပြန်အပ်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

မူရင်းသတင်း — Myanmar Transparency News