Myanmar Transparency News

လှိုင်သာယာက အဆောင်တစ်ခုမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

၁၃.၇.၂၀၂၅
Written by Hey Mar

သူငယ်ချင်း‌တွေ စုပေါင်းငှားရမ်း‌နေထိုင်တဲ့ အခန်းတွဲ အဆောင်တစ်ခုမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အခန်းတွင်း ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့ကဇူလိုင်လ ၁၂ ရက်နေ့ ညဦးပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ (၁၈) ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ‌သွား‌ရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

‌သေဆုံးသူ အမျိုးသားမှာ အသက် သုံးဆယ်ဝန်းကျင်အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အမျိုးသားဝတ်အတွင်းခံတစ်ထည်သာ ဝတ်ဆင်ထားကာ ပုဆိုးကို အသုံးပြုလျက် ကြိုးဆွဲချ သေဆုံးနေတာလို့ သိရပါတယ်။

“ကျွန်တော်တို့ကို သက်ဆိုင်ရာက ဖုန်းဆက် ခေါ်ယူလို့ သွားရောက်ကူညီ သယ်ဆောင်ပေးတာပါ။ အဲ့ဒီအဆောင်မှာ သူတို့က သူငယ်ချင်း‌တွေစုပေါင်းငှားနေတာလို့ပဲ သိရပါတယ်။ ကျန်တာတော့ မသိပါဘူး” လို့ အကူအညီ သွားရောက်ခဲ့တဲ့ ပရဟိတအသင်းကို MT Newsက ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ အသင်းကပဲ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ရဲလုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရသလို တာဝန်ရှိသူတွေက ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ် မဟုတ် ဆက်လက်စိစစ်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News