Myanmar Transparency News

မိုးနှိုင်းရေတံခွန်တွင် ဒိုင်ဗင်ထိုးသည့် ဆယ်ကျော်သက်လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

၁၄.၇.၂၀၂၅
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက်ရှိ ရေတံခွန်၌ ကလေးတစ်ဦး ရေကူး၍ ဒိုင်ဗင်ထိုးရာမှ ရေနစ်သေဆုံးမှု ဇူလိုင်လ ၁၃ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးဇော်လင်းမှာ သူငယ်ချင်းများနှင့်အတူ ရေတံခွန်တွင် ရေလာကစားစဥ် ရေထဲဒိုင်ဗင်ထိုးရာမှ ၆ ပေခန့်နက်သော ရေထဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

“ကောင်လေးက ကဒုံစီးရပ်ကွက်မှာနေတာ။ ရေမကူးတတ်ဘူး။ သူငယ်ချင်းတွေနဲ့ ရေလာကစားရင်း ဒိုင်ဗင်ထိုးရင်း ရေနစ်သွားတာ။ ရေတံခွန်ဆိုပေမယ့် အောက်မှာလည်း ကျောက်တွေရှိတယ်”ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။

ရေနစ်သေဆုံးခဲ့သည့် ဆယ်ကျော်သက်လူငယ်၏ ရုပ်အလောင်းကို ဒေသခံများနှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းရှာဖွေခဲ့ကြပြီး ရုပ်အလောင်းကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News