Myanmar Transparency News

ဆန်အိတ်တင်လာတဲ့တွဲကားနဲ့ ဆိုင်ကယ် တိုက်မိပြီး အမျိုးသားသုံးဦး သေဆုံးမှု မွေတော်ကက္ကူဘုရားလမ်းပေါ်မှာ ဖြစ်ပွား

၁၅. ၇. ၂၀၂၅
Written by Hey Mar

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ မွေတော်ကက္ကူဘုရားအနီး ပင်စုံရွာအဆင်းလမ်းမှာ တွဲကားနဲ့ ဆိုင်ကယ် တိုက်မိပြီး လူ သုံးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇူလိုင်လ ၁၅ ရက် မနက် ဆယ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကြက်ခြေနီအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့မနက် ဆယ်နာရီအချိန်မှာ မွေတော်ကက္ကူဘုရားသွားတဲ့လမ်းပေါ်ရှိ ပင်စုံရွာအနီး ပင်စုံရွာအဆင်းလမ်းမှာ ဆန်အိတ်တွေ တင်ဆောင်လာတဲ့တွဲကားနဲ့ ဆန့်ကျင်ဘက် လားရာကနေ လာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာက တွဲကားမှာ လမ်းဘေးအနက် ဆယ်ပေခန့်ရှိတဲ့ ချောက်ထဲ လိမ့်ကျတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်မှာလည်း ကားနဲ့အတူ တိုက်ချိတ်ပါသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ကျောက်တလုံးကြီးမြို့နယ်၊ ထီရီးတောင်ရွာ(ထီရီးဒုံနဝ်) က အမျိုးသားနှစ်ဦးနဲ့ တွဲကားက ယာဉ်နောက်လိုက်တို့ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တွဲကားယာဉ်မောင်းဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဒေသခံကြက်ခြေနီမှအသင်းတာဝန်ရှိသူ‌တွေက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News