Myanmar Transparency News

ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်နယ်မြေ ပုဂံညောင်ဦးဒေသ လက်ထုတ်ရွာနေ လက်နက်မဲ့အမျိုးသားကြီးကို ဒလန်ဟုဆိုကာ PDF ၆ ဦးက ပစ်သတ်လိုက်မှု ဖြစ်ပွားပြန်

၁၅. ၇. ၂၀၂၅
Written by Nay Moe

ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်နယ်မြေ ပုဂံညောင်ဦးဒေသ လက်ထုတ်ရွာနေ လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF ၆ ဦးက ပစ်သတ်လိုက်မှု ဖြစ်ပွားခဲ့ပြန်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမျိုးမြင့်ဝင်း(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမျိုးမြင့်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၅ ရက်မှ စတင်ကာ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံညောင်ဦးကို စစ်ရေးဖော်ဆောင်မည်ဟု NUG ဩဇာခံ ညောင်ဦးပကဖက စစ်ရေးကြေညာပြီးနောက် ခြောက်လအတွင်း လက်နက်မဲ့ပြည်သူ ၂၀ ခန့်သတ်ဖြတ်လိုက်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုကာလအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News