Myanmar Transparency News

ပိန်းဥသွားတူးသည့် အမျိုးသား မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးသွားမှု ဖားကန့်တွင် ယနေ့ ဖြစ်ပွား

၁၈.၇.၂၀၂၅
Written By Zun

ပိန်းဥသွားတူးသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးမှု ယနေ့ ဇူလိုင်လ ၁၈ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် ဖားကန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူသွားသည့် ​လမ်းပေါ်ရှိ ယူမာကျေးရွာအနီးရှိ အဲဗားဝင်းနားကုမ္ပဏီရှေ့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်အချိန်က အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသေဆုံးသူ အမျိုးသားနှင့် အခြားတစ်ဦးက ပိန်းဥတူးနေစဉ် မိုင်းကွဲခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကာ နောက်တစ်ဦးမှာ ထွက်ပြေးသည့်အတွက် အသက်အန္တရာယ် လွတ်မြောက်သွားကြောင်း သိရသည်။

“ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ကျွန်တော်တို့ကား အဲဒီနားက ကျော်ကာစပဲရှိသေးတာ။ လန့်တာ သေတော့မယ့်အတိုင်းပဲ”ဟု အဆိုပါ မိုင်းပေါက်ကွဲသံကိုကြားခဲ့ရသူက လူမှုကွန်ရက်တွင် ပြောဆိုထားသည်။

သေဆုံးသူအမျိုးသား၏ အမည်နှင့် နေရပ်လိပ်စာကို အတိအကျမသိရသေးသောကြောင့် ရုပ်အလောင်းကို ဖြစ်စဉ်နေရာ၌ပင် ထားပြီး မိသားစုကို ဆက်သွယ်စုံစမ်းနေကြကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News