Myanmar Transparency News

ယုဇနဆီအုန်းကုမ္ပဏီ စိုက်ခင်းအထူးဇုန် (၁) စိုက်ခင်းတာဝန်ခံနှင့် အလုပ်သမားကို PDF များ သတ်ဖြတ်

၂၀. ၇. ၂၀၂၅
Written by Nay Moe

ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ ယုဇနဆီအုန်းကုမ္ပဏီ၊ စိုက်ခင်းအထူးဇုန် (၁)မှ စိုက်ခင်းတာဝန်ခံနှင့် အလုပ်သမားတစ်ဦးကို PDF များက သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊
ဖော့သုတ်ကျေးရွာရှိ ဆီအုန်းခြံအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက် ည ၁၁ နာရီတွင် ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ “ယုဇန” ဆီအုန်းကုမ္ပဏီ၊ စိုက်ခင်းအထူးဇုန်-၁ သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၂၀ ဦးခန့် ရောက်ရှိလာပြီး စိုက်ခင်းတာဝန်ခံဖြစ်သူ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နေ ဦးထွန်းထွန်းအောင်(၄၀)နှစ်နှင့် စိုက်ခင်းအလုပ်သမားဖြစ်သည့် ဦးမှတ်ကြီး(၆၈)နှစ်တို့ နှစ်ဦးအား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆီအုန်းခြံအပြင်အရောက် ၌ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် လက်နက်မဲ့ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News