Myanmar Transparency News

နေအိမ် ၈ လုံးမီးလောင်ပြီး လူ ၃၇ ဦး မီးဘေးသင့်ခဲ့သော မဟာအောင်မြေ မီးလောင်မှု အိမ်ငှားအမျိုးသမီးတစ်ဦးကို အမှုဖွင့်အရေးယူ

၂၀.၇.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊မဟာနွယ်စဥ်ရပ်ကွက်၊ ၃၆လမ်း ၊ ၇၁×၇၂ လမ်းကြားတွင် ဇူလိုင်လ ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော နေအိမ် ၈ လုံး မီးလောင်မှုမှာ အားသွင်းထားသော Bluetooth Speaker Box ဘတ္ထရီပွင့်ထွက်ပြီး အနီးရှိ အဝတ်များပေါ် မီးကူးစက်၍ ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ မိနစ်၂၀ ကျော် ကြာမြင့်ခဲ့ပြီးသွပ်မိုး၊ ကျောက်ပြားခင်း၊ နံကပ် နှစ်ထပ်အိမ် ငါးလုံးနှင့် သွပ်မိုး ထရံကာ ပျဉ်ခင်း နှစ်ထပ်အိမ် သုံးလုံး စုစုပေါင်း လူနေအိမ်ရှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

နေအိမ်များဆုံးရှုံးခဲ့မှုကြောင့် မီး​ဘေးသင့်သူ ၃၇ ဦးမှာ စီးတော်မြင်းဝင် ကျောင်းတိုက်ရှိ ဗိမ္မာန်တွင် ယာယီခိုလှုံနေထိုင်လျက်ရှိကြောင်းသိရသည်။

မီးလောင်မှုကို သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်နှင့် မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၂ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်ရှစ်လုံးမီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းကို အမှတ် (၉) မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား​ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News