Myanmar Transparency News

အရုဏ်မတက်ခင်အချိန် ရထားသံလမ်းအနီးရှိနေသော သူငယ်ချင်းနှစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးမှု သဲတောမြို့တွင် ဖြစ်ပွား

၂၀.၇.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့၊ ရန်ကုန်- မန္တလေး မီးရထားသံလမ်းတွင် သူငယ်ချင်းနှစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးမှု ဇူလိုင်လ ၁၉ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်၊ သန္တိသုခ ပရဟိတ(နာကူ)အသင်းထံမှ သိရသည်။

သေဆုံးသူ အမျိုးသားနှစ်ဦးမှာ ကိုဝေလာနှင့် ကိုစိုးသက်အောင်ဖြစ်ပြီး သဲတောမြို့အမှတ်(၃)‌ အောင်ချမ်းသာ ကွက်သစ်တွင်နေထိုင်ကြကာ သူငယ်ချင်းများလည်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရထားကြိတ်ခံရသူနှစ်ဦးအနက် တစ်ဦးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဥ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း သိရသည်။

ရထားကြိတ်ခံရ၍ သေဆုံးခဲ့သော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံ ရေခဲတိုက်မှတစ်ဆင့် နေအိမ်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သန္တိသုခ ပရဟိတ(နာကူ)အသင်းထံမှ သိရသည်။

အချိန်မတော် ရထားကြိတ်ခံရမှုကြောင့် သူငယ်ချင်းနှစ်ဦးသေဆုံးရသည့်ဖြစ်စဥ်ကို ဓမ္နတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် တာဝန်ရှိသူများက စိစစ်နေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News