Myanmar Transparency News

အသက် ၁၅ နှစ်အရွယ် သမီးငယ်ကို ဖခင်အရင်းက သက်ငယ်မုဒိမ်းပြုကျင့်သဖြင့် သမီးကြီးဖြစ်သူက အမှူဖွင့်တိုင်ကြားရမှု ဥသျှစ်ပင်မြို့တွင် ဖြစ်ပွား

၂၁. ၇.၂၀၂၅
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်တွင် အသက် ၁၅ နှစ်ကျော်အရွယ်သမီးငယ်ဖြစ်သူကို ဖခင်အရင်းက သက်ငယ်မုဒိမ်းပြုကျင့်သဖြင့် ပြုကျင့်တရားခံ၏ သမီးကြီးတော်စပ်သလို ပြုကျင့်ခံရသူ၏ အစ်မဖြစ်သူက ရဲစခန်းတွင် တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက အရက်သောက်ထားသော မောင်ဦးက အသက် ၁၅ နှစ်ကျော်အရွယ် သမီးငယ်အား အဓမ္မပြုကျင့်သည်ကို အကြီးဆုံးသမီးဖြစ်သူက မြင်တွေ့ရာမှ ရဲစခန်းတွင် အမှူဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဖေဖြစ်သူက ဒီတစ်ခါတည်းမဟုတ်ဘူး။ အရင်ကလည်း သမီးအပေါ်မှာ ကျုးလွန်ဖူးတယ်လို့ ကလေးမလေးက သူ့အစ်မကို ပြန်​ပြောလို့ အစ်မဖြစ်သူကလည်း ရဲစခန်းကိုလာတိုင်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သမီးသုံးဦး၏ ဖခင်ဖြစ်သော အသက် ၅၅ နှစ်အရွယ်မောင်ဦးက ၎င်း၏ဒုတိယမြောက်သမီးဖြစ်သူ အသက် ၁၅ နှစ်ကျော်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းပေါ်ပေါက်ချက်များအရ သိရသည်။

သမီးအပေါ်ကျူးလွန်သော ဖခင်ဖြစ်သူကို ဥသျှစ်ပင်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News